
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ်၊ အောင်ပန်း၊ ပြင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးနှင့် ပခုက္ကူ၊ မြစ်ခြေကျွန်းဒေသထွက် ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအချိန်တွင် ကျွန်းဗမာခရမ်းချဉ်သီးများဝင်ရောက်မှုနည်းပြီး ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ထိုင်ဝမ်ခရမ်းချဉ်သီးများ ဝင်ရောက်မှုများကြောင်း ဈေးကွက်မှသိရှိရသည်။
အောင်ပန်းနှင့်ပြည်ဦးလွင်မှ ဝင်ရောက်သည့် ခရမ်းချဉ်သီးများမှာ ရာသီမရွေးဝယ်ယူစားသုံးနိုင်ပြီး အခွံထူ၍ အချဉ်ဓာတ်နည်းသည့်အပြင် အလုံးအရွယ်အစားလှခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း၊ ဒေသထွက်ခရမ်းချဉ်သီးများမှာ ယခုအချိန်တွင် ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ယခုမေလ(ပထမပတ်)အစောပိုင်းတွင် ခရမ်းချဉ်သီးဈေးများ မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။
ဈေးနှုန်းအနေဖြင့် ယခင်ဧပြီလ(စတုတ္ထပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် အရွယ်အစားနှင့် အရည်အသွေးလိုက်၍ ကျပ်(၇၀၀-၈၀၀-၁၀၀၀) ဈေးဖြစ်ခဲ့ပြီး ယခုမေလ (ပထမပတ်) အစောပိုင်းကာလတွင် တစ်ပိဿာလျှင် ကျပ်(၁၀၀၀-၁၂၀၀-၁၆၀၀)ဖြင့် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၆၀၀)ခန့်ထိဈေးနှုန်းမြင့်တက်ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပခုက္ကူဈေးကွက်သို့ ဒေသထွက်ခရမ်းချဉ်သီးများ ဝင်ရောက်မှုနည်းခြင်းကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ပေါ်ရှိ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)