ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ခရမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံမှုရှိစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၌စည်ပင်သာယာမြို့မဈေး ပြင်ပရပ်ကွက်များတွင် ရောင်းချလျက်ရှိသော အအေးနှင့်မုန့်မျိုးစုံစတိုးဆိုင်များသို့သွားရောက်ကာ အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေး၏ အရှေ့ခြမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ လန်းဆန်းစတိုးဆိုင်၊ အမှတ် (၆) ရပ်ကွက်ရှိ မင်းကြီးစတိုးဆိုင်၊ အမှတ်(၇)ရပ်ကွက်ရှိ ချောစုကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်ခဲ့ပြီး စတိုးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက် ရေးသားဖော်ပြရမည့်အချက်များ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာ မပါရှိသော အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်မပါရှိသော သက်တမ်းကုန်နေသည့် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်စေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အကြံပြုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)