Main menu

စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့သို့ ဆန်ရောင်းဝယ်မှုလုပ်ကိုင်ခွင့် ပြန်လည်အပ်နှင်းရန် ဖိလစ်ပိုင် သမ္မတက သဘောတူ

Powered by Drupal

      ဖိလစ်ပိုင်နိုင်ငံတွင် အမျိုးသားစားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ (National Food Authority – NFA) အနေဖြင့် ဈေးကွက်များ၌ ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချခွင့် ရှိစေရေးအတွက်  အငြင်းပွားဖွယ်ရာ ဆန်စပါး အကောက်ခွန်နှုန်းထားသတ်မှတ်ခြင်း ဥပဒေ (Rice Tariffication Law - RTL) အား ပြင်ဆင်ရန် အရေးကြီးအဆိုပြုချက်အပေါ် သမ္မတ Ferdinand Macros Jr. က သဘောတူညီမှုပြုခဲ့ပါသည်။

     စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့၏ မူလလုပ်ပိုင်ခွင့်ကို ပြန်လည်အသက်သွင်းရန်  အဆိုပါ RTL  ဥပဒေကို ပြောင်းလဲချိန်ညှိမှု လုပ်ဆောင်ခြင်းဖြင့် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်ခြင်းကို လျော့နည်းသက်သာစေမည်ဟု ဖိလစ်ပိုင်လွှတ်တော်ဥက္ကဋ္ဌ Martin Romualdez က ပြောကြားခဲ့ ပြီးနောက် ထိုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်သည်။ ၆-၅-၂၀၂၄ နေ့၌ သတင်းထောက်များနှင့် တွေ့ဆုံ ရာတွင် ဈေးနှုန်းများကို ကုန်သည်များက ယှဉ်ပြိုင်သတ်မှတ်ခြင်းဖြစ်ပြီး အစိုးရအနေဖြင့် ၎င်းကို ထိန်းချုပ်နိုင်မှု မရှိသဖြင့် ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေရခြင်းဖြစ်ကြောင်း၊ ၎င်းအချက် အရ ဆောလျင်စွာ အသိအမှတ်ပြုခြင်းကို လုပ်ဆောင်မှုမှာ သင့်လျော်မှုရှိသည်ဟု ယူဆကြောင်း သမ္မတ Marcos က ပြောကြားခဲ့ပါသည်။

      ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ ဆန်ဈေးနှုန်းဖောင်းပွမှု သည် ဖေဖော်ဝါရီလ၌ ၂၃.၇ ရာခိုင်နှုန်း ရှိရာမှ မတ်လတွင် ၂၄.၄ ရာခိုင်နှုန်းသို့မြင့်တက်ခဲ့ပြီး ၁၅ နှစ်တာအတွင်း အမြင့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံအတွင်း ယခင် ဆန်ဈေးနှုန်း ဖောင်းပွမှု အမြင့်ဆုံးသည် ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် ၂၄.၆ ရာခိုင်နှုန်းဖြင့် စံချိန်တင်ထားခဲ့ ခြင်းဖြစ်သည်။

      လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် RTL ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခြင်းဖြင့် လက်ရှိ ကာလ၌ ဆန် ၁ ကီလိုဂရမ်လျှင် ၄ဝ ပီဆိုမှ ၄၅/၅ဝ ပီဆိုနှုန်းအတွင်း ရှိရာမှ ဇွန်လတွင် ၃ဝ ပီဆိုနှုန်း အထိသို့ လျော့ကျစေရန် ရည်မှန်းထားသည်ဟု Mr. Romualdez က တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောဆိုခဲ့သည်။ အဆိုပါဥပဒေတွင် အဓိကအားဖြင့် အကောက်ခွန်နှုန်းထားများ၊ အခွန်နှုန်းထား များနှင့် NFA အာဏာပိုင်အဖွဲ့အား လယ်သမားများထံမှ ဆန်ဝယ်ယူရန် အခွင့်အာဏာပေးအပ်မှု တို့ကို ပြင်ဆင်ထည့်သွင်းရန် လွှတ်တော်၌ အဆိုပြုထားသည်။

      ဖိလစ်ပိုင်သမ္မတနိုင်ငံအက်ဥပဒေအမှတ် ၁၁၂ဝ၃ ဟု ခေါ်ဆိုသော ဆန်စပါး အကောက်ခွန် နှုန်းထားသတ်မှတ်သည့် RTL ဥပဒေကို ၂ဝ၁၉ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ဆန်တင်ပို့မှု၊ တင်သွင်းမှုနှင့် ကုန်သွယ်မှုများတွင် ဖြေလျှော့မှုများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဥပဒေအရ ပြည်ပနိုင်ငံများမှ ဈေးနှုန်းသက်သာသောဆန်များကို တင်သွင်းနိုင်ရေးအတွက် အကောက်ခွန်မဟုတ်သော သွင်း ကုန်ဆိုင်ရာ ကန့်သတ်ချက်များအစား အကောက်ခွန်များ စည်းကြပ်ကောက်ခံခြင်းကို အသုံးပြု ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ဈေးနှုန်းချိုသာပြီး အရည်အသွေးနိမ့်ကျသည့်ဆန်များကို တင်သွင်းမှုမှာ ပြည်တွင်းလယ်သမားများ၏ဝင်ငွေကို ထိခိုက်နစ်နာမည်အရေး စိုးရိမ်မှုများဖြစ်ပေါ်မှုနှင့်အတူ ယခင်သမ္မတ Duterte လက်ထက်၌ ချမှတ်ကျင့်သုံးခဲ့သော အဆိုပါ ဈေးနှုန်းလျှော့ချရေး ယန္တရား စနစ်အပေါ် လယ်သမားအဖွဲ့အစည်းများက ကျယ်ပြန့်စွာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါသည်။

      ထို့အပြင် RTL ဥပဒေသည် ဆန်စပါးကဏ္ဍကို ထိန်းညှိဆောင်ရွက်နိုင်သည့် NFA အာဏာ ပိုင်အဖွဲ့၏ အခွင့်အာဏာကို ကွယ်ပျောက်စေခဲ့သည့်အပြင် NFA အရာရှိများအပေါ် အကျင့်ပျက်ခြစားမှုရှိသည်ဟူသော စွပ်စွဲမှုများကို တုံ့ပြန်သည့်အနေဖြင့် ဘေးအန္တရာယ်များအတွက်  အရန် စပါး သိုလှောင်ထားရှိသည့် လုပ်ငန်းရပ်ကိုလည်း လုပ်ဆောင်နိုင်မှုမရှိပဲ ကန့်သတ်မှု ဖြစ်ပေါ်စေခဲ့ပါသည်။

      Economic Think Tank IBON Foundation အဖွဲ့ကလည်း ယင်းဥပဒေသည် ဆန်ဈေးနှုန်း များကို လျော့နည်းအောင်ဆောင်ရွက်ရာတွင် ထိရောက်မှုမရှိကြောင်းနှင့် ဆန်ဈေးနှုန်း ဖောင်းပွမှု မှာ တရားဝင်ကိန်းဂဏန်းများအရ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ၌ ၄ ရာခိုင်နှုန်းခန့်ရှိရာမှ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ၂၃.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဝေဖန်ထောက်ပြပြောကြားခဲ့ပါ သည်။ ထို့အပြင် အဆိုပါအဖွဲ့က ဆန်စပါးကဏ္ဍကို ဖြေလျှော့ဆောင်ရွက်ပေးမှုသည် လယ်သမား များ၏ဝင်ငွေကို ထိခိုက်နစ်နာစေခဲ့ကြောင်းနှင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ စာရင်းများအရ လယ်သမားများ၏ အသားတင်ဝင်ငွေမှာ ၂ဝ၁၈ ခုနှစ် ကိန်းဂဏန်းများနှင့်နှိုင်းယှဉ်ပါက ၂ဝ၁၉ ခုနှစ်အတွင်း ခြောက်သွေ့သော ရာသီကာလတွင် တစ်ဟက်တာလျှင် ၃၂ ရာခိုင်နှုန်း၊ စိုစွတ်သော ရာသီကာလ၌ ၄၇ ရာခိုင်နှုန်းနှင့် ပျှမ်းမျှအားဖြင့် ၃၈ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့ပါသည်။

Source: The Philippine Star, 6 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)