Main menu

ဟင်္သာတခရိုင်တွင် နွေစပါး စိုက်ပျိုးပြီးစီးကွင်းဆင်းလေ့လာ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် မိုးစပါးစိုက်ဧက ငါးသိန်းခုနှစ်သောင်းကျော်ရှိပြီး၊ မိုးစပါးရိတ်သိမ်းပြီးချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် သီးထပ်အဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ အစေ့ထုတ်ပြောင်းတို့ကို စိုက်ပျိုးကြသလို၊နန်ကသူဆည်၊ ကညင်ဆည်၊ မမြဆည်၊ ကွန်ချောင်းရေလှောင်တမံတို့၏ ဆည်ရေသောက်ဒေသများဖြစ်သည့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင်လည်း နွေစပါးကိုဦးစားပေးစိုက်ပျိုးကြပြီး၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များတွင်မူ ရေတင်၍ ဧကအနည်းငယ် စိုက်ပျိုးကြပါသည်။

          ဟင်္သာတခရိုင်တွင် နွေစပါးစိုက်ဧကသည် ၂၀၁၉-၂၀၂၀ ခုနှစ်တွင်  ၃၈၁၃၄ဧက၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၃၈၈၈၀ ဧက စိုက်ပျိုးခဲ့ပြီး၊ မနောသုခ၊ သီးထပ်ရင်၊ မှော်ဘီ ၃၊ ဆင်းသုခ၊ ထိုင်း(၉၀)၊ ပခန်းရွှေဝါ၊  GW 11၊ ရတနာတိုး မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ နွေးစပါးသည် သတ်မှတ်ရေ Level နှင့် နေရောင်ခြည်ကို ကောင်းစွာရရှိသောကြောင့် အထွက်နှုန်းကောင်းပြီး ပျမ်းမျှ တဧက တင်း ၉၀ ခန့်ထွက်ရှိသည့်အတွက် ဆည်ရေသောက်ဒေသများဖြစ်သော အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်တို့ရှိ တောင်သူတို့ ပိုမိုတွက်ချေကိုက်အကျိုးရှိကြမည်ဖြစ်ပါသည်။

         ၂၀၂၂ ခုနှစ် နွေစပါးစိုက်ရာသီတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထိ ဟင်္သာတမြို့နယ်တွင် ၇၈၆ဧက၊ ဇလွန်မြို့နယ်တွင် ၃၀၉၀ ဧက၊ လေးမျက်နှာမြို့နယ်တွင် ၁၄၅၄ ဧက၊ မြန်အောင် မြို့နယ်တွင် ၇၅၃၄ ဧက၊ ကြံခင်းမြို့နယ်တွင် ၁၂၉၉ ဧက၊ အင်္ဂပူမြို့နယ်တွင် ၁၅၇၁၁ ဧက ၊စုစုပေါင်း ၂၉၈၇၄ဧကစိုက်ပျိုး ပြီးစီးခဲ့ပြီး ၊ ယခင်နှစ်နွေစပါးစိုက်ဧက၏ ၇၅ ရာနှုန်း ကျော်စိုက်ပျိုးပြီးစီးခဲ့ကာ၊ ဇလွန်တမြို့တည်းသာ ရာနှုန်းပြည့်စိုက်ပျိုးပြီးခဲ့ပြီး ကျန်မြို့နယ်များမှာ မတ်လပထမပတ်လောက်မှသာ စိုက်ပျိုးပြီးစီးမှာဖြစ်ကြောင်း ဟင်္သာတခရိုင်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။

           နိုင်ငံတော်မှလည်း နွေစပါးစိုက်တောင်သူများကို မြန်မာ့ရေနံနှင့် ဓာတုလုပ်ငန်းမှ ထုတ်လုပ်သော ဓာတ်ဆားများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်း၊ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင် ဒီဇယ်များကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည့်အတွက် နွေစပါးစိုက်တောင်သူတို့ စိုက်ပျိုးစရိတ်သက်သာစေမှာဖြစ်ပြီး၊ ဖေဖော်ဝါရီလလယ် စပါးပေါက်ဈေးမှာလည်း ၄၆ပေါင် တင်း၁၀၀ လျှင် ၆၈၀၀၀၀ ကျပ်ဈေးပေါက်နေပြီး ယမန်နှစ်ကာလတူထက် ၇၀၀၀၀ကျပ် ပိုမြင့်နေသည့်အတွက် ဟင်္သာတခရိုင်၏ နွေစပါးစိုက်တောင်သူတို့ တွက်ချေကိုက်အကျိုးရှိမှာဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)