
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး နှမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ကြက်သွန်နီ၊ ဝါ၊ နေကြာ၊ ပြောင်းနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
ဥယျာဉ်ကျေးရွာတွင် သကြားပြောင်းနှင့် ပြောင်းစီးစိုက်ဧကမှာ (၈)ဧကခန့်ရှိပြီး စိုက်တောင်သူမှာ (၁၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲမျိုးစေ့ချ၍ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ မိမိအနေဖြင့် သကြားပြောင်းနှင့် ပြောင်းစီး(၁)ဧကခန့် စိုက်ပျိုးထားရှိပြီး သကြားပြောင်း(၁)ဘူးလျှင် ကျပ်(၄၃၀၀၀)၊ ပြောင်းစီး(၁)ဘူးလျှင် ကျပ်(၃၄၀၀၀)ဖြင့် အထက်မင်းလှမြို့ရှိ စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် မြေအောက် ရေကို အသုံးပြု၍ စတင်စိုက်ပျိုးပြီး (၇၅)ရက်အကြာတွင် ခူးဆွတ်နိုင်ပါကြောင်း၊ စိုက်ပျိုးစဉ် တလျှောက် ရေကို (၁၃)ကြိမ်ခန့် သွင်းပေးရကြောင်း၊ (၁)ဧကလျှင် မျိုး(၇)ဘူးခန့်ကုန်ကျပြီး ရေတင်ခ၊ မြေပြုခ၊ မျိုးခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၈၄၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က ကုန်ကျစရိတ်မှာ ကျပ်(၈၀၀၀၀၀)ခန့်သာကုန်ကျပြီး ယခုနှစ်တွင် သွင်းအားစုစရိတ်များမြင့် တက်လာ၍ ပိုမိုကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် အဖူးရေ(၁၂၆၀၀)ခန့် ထွက်ရှိကြောင်း၊ ထွက်ရှိသည့်ပြောင်းဖူးများကို အထက်မင်းလှဈေးနှင့် ဘက်စုံရှိ ပြောင်းဖူးဒိုင်သို့ တင်သွင်းရောင်းချကြောင်း ဥယျာဉ်ကျေးရွာနေ ပြောင်းစိုက်တောင်သူ ဦးဇော်အောင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)