Main menu

အထက်မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက်ဈေးနှုန်းများကျဆင်းလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

     မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများ ကြကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက် အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၁၂၀၀၀-၁၄၀၀၀-၁၉၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၆၈၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ် (၆၈၀၀)၊ ကွမ်းစားထုံး(၁) လီတာ (၁)ဘူးလျှင် ကျပ်(၉၀၀-၁၀၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဗမာဆေး(၁) ထုပ်လျှင် ကျပ်(၄၀၀-၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

   အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန်(၁၀)ပိဿာနှင့်အထက် ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၆)ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင်မေလ (ပထမပတ်) နှင့်နှိုင်းယှဉ်ပါက ကွမ်းရွက်ဈေးနှုန်းမှာ  ကျပ်(၅၀၀၀)၊ ကွမ်းသီးဈေးနှုန်းမှာ ကျပ်(၂၀၀) အကျဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျန်ကွမ်းပစ္စည်းဈေးနှုန်းများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ကွမ်း၊ ကွမ်းသီးဈေးနှုန်းကျဆင်းရခြင်းမှာ ယခုအချိန်တွင် ကုန်ကားများပုံမှန် ထွက်လျက်ရှိပြီး ကွမ်းရွက်ထွက်ရှိသည့် ဒေသများတွင်လည်း ကွမ်းရွက်များလှိုင်လှိုင် ထွက်ရှိနေခြင်း ကြောင့်ဖြစ်ကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)