![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/74_4.jpg?itok=_zDIMwhv)
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့သည် စိုက်ပျိုးသီးနှံအဖြစ် ဆန်စပါးနှင့် မတ်ပဲကို ဦးစားပေးစိုက်ပျိုးသော မြို့ဖြစ်ပြီး မတ်ပဲကို နွေရာသီတွင် အဓိကထား စိုက်ပျိုးကြသည်။
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့တွင် ယခင်နှစ်၌ မတ်ပဲစိုက်ဧကစုစုပေါင်း (၂၁၆၀၀) ဧကခန့်စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းမှာ (၁၀)တင်းခန့်ထွက်ရှိကာ မတ်ပဲဈေးနှုန်းမှာ တစ်တင်းလျှင် (၆၈၀၀၀)ကျပ်ခန့်ရှိခဲ့သည်။ မတ်ပဲကို ယခင်နှစ်စိုက်ဧကအတိုင်းသာ စိုက်ပျိုးခဲ့သော်လည်း တစ်ဧကအထွက်နှုန်းမှာ (၁၄) တင်းခန့်တိုးတက်ထွက်ရှိခဲ့သည့်အပြင် ယခုနှစ်မတ်ပဲဈေးနှုန်းမှာလည်း တစ်တင်းလျှင် (၁) ကျပ်သိန်းခန့်ထိ ဈေးနှုန်းကောင်းမွန်လာခဲ့ကြောင်းတွေ့ရှိရသည်။
ဈေးနှုန်းကောင်းမွန်လာသောကြောင့် တောင်သူဦးကြီးများအနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေး ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြပြီး ကန်ကြီးထောင့်မြို့၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထောက်ခံချက်ရရှိထားသည့် မျိုးကောင်းမျိုးသန့်များနှင့် ဒေသထွက်မျိုးကောင်းမျိူးသန့်များကိုသာ ဉီးစားပေးစိုက်ပျိုးကြသည်ဟု တောင်သူ ဦးချမ်းငြိမ်းအောင်ထံမှ မေးမြန်းစုံစမ်းသိရှိရပါသည်။ မတ်ပဲသည် နိုင်ငံတကာဝယ်လိုအားများသည့် သီးနှံဖြစ်၍ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူနိုင်ငံများသို့ အများဆုံးတင်ပို့ထားပြီး အီးယူနိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)