ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၄ခုနှစ်၊ မေလ ၁၄ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ Light House (အလင်းအိမ်) ကော်ဖီလုပ်ငန်းသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းပိုမိုတိုးတက်အောင်မြင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ရှေးဦးစွာ လုပ်ငန်းရှင် ဦးဇေယျာမင်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရရှိသဖြင့် ကော်ဖီလှော်စက်ဝယ်ယူနိုင်မှုနှင့် လုပ်ငန်းတိုးချဲ့နိုင်မှုအခြေအနေများကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းမကြီးမှ ၎င်း၏ကော်ဖီလုပ်ငန်းသို့ ဝင်ရောက်နိုင်မည့်လမ်းအား အဆင့်မြှင့်ပြုပြင်ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးစေလိုသည်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခေတ်မီသေသပ်လှပသည့် ထုပ်ပိုးပစ္စည်းများဖြင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေးကိုဆောင်ရွက်ရန်၊ အောင်မြင်ဖြစ်ထွန်းနေသည့် လုပ်ငန်းဖြစ်သဖြင့် ကိုယ်ပိုင်ကော်ဖီစိုက်ဧကတိုးချဲ့နိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းအတွက်လိုအပ်သော ချေးငွေများရရှိရေး၊ စက်ရုံအဝင်လမ်း အဆင့်မြှင့်ပြုပြင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Light House ကော်ဖီလုပ်ငန်းသည် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကိုယ်ပိုင်ခြံဖြင့် ကော်ဖီများကိုစိုက်ပျိုးပြီး ၎င်းကော်ဖီခြံမှထွက်ရှိသော ကော်ဖီစေ့များကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့တွင် အခြောက်လှန်း၍ ကိုယ်ပိုင်ကော်ဖီလှော်စက်၊ ကော်ဖီမှုန့်ကြိတ်စက်များဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ လက်ရှိပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ နေပြည်တော်မြို့များသို့ ဖြန့်ဖြူးလျက်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် ထိုင်းနိုင်ငံမှလည်း မှာယူမှုရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)