စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၄ခုနှစ်၊ မေလ ၁၅ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့ရှိ ဆီကုန်သည် ဦးမျိုးဝင်းအောင်၏ ကုန်စုံဆိုင်၌ ရေတာရှည်မြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက ရေတာရှည်မြို့နယ်အတွက်ရရှိသည့် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာအောင် ဗွီနိုင်းချိတ်ဆွဲထားရှိရန်၊ ဘူးသွင်းဆီရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်များကို မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည်မြို့မှ စားအုန်းဆီလက်လီ/လက်ကားရောင်းချသူ ၉ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)