Main menu

မြစ်သားကြက်သွန်နီကြော်လုပ်ငန်းကို ကွင်းဆင်းလေ့လာ

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်၊ စဉ့်ကိုင်၊  မြစ်သား၊ တံတားဦး မြို့နယ်ဟူ၍(၄)မြို့နယ်ရှိသည့်အနက် မြစ်သားမြို့နယ်သည် ကြက်သွန်သီးနှံအား အများဆုံးစိုက်ပျိုးကြပြီး စျေးကွက်အတွင်းတွင် မြစ်သားဒေသမှထွက်ရှိသော ကြက်သွန်များမှာ အခြားဒေသမှထွက်ရှိသောကြက်သွန်များထက် စားသုံးသူများမှပို၍ ကြိုက်နှစ်သက်သောကြောင့် စျေးကွက်အတွင်းတွင် မြစ်သားကြက်သွန်ဟူ၍ အများဆုံးအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြစ်သားမြို့တွင် ကြက်သွန်သီးနှံအား ပုဂ္ဂလိကပွဲရုံများ၌ အရောင်းအဝယ်ပြုလုပ်လျှက်ရှိသလို အချို့စီးပွားရေးလုပ်ငန်းရှင်များမှာလည်း ကြက်သွန်အားတန်ဖိုးမြှင့်ထုတ်ကုန် တစ်ခုအနေဖြင့်  ကြက်သွန်နီကြော်လုပ်ငန်းများအားလုပ်ကိုင်လျှက်ရှိရာ မြစ်သားမြို့နယ်၌ ကြက်သွန်နီကြော်လုပ်ငန်းရှင်(၃)ဦးရှိသည့်အနက်မှ ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြစ်သားမြို့နယ်၊ ရွာသစ်ကျေးရွာရှိ အရသာချို ကြက်သွန်ကြော်လုပ်ငန်းအားကွင်းဆင်း မေးမြန်း ခဲ့ပါသည်။ ၄င်းလုပ်ငန်းအား လွန်ခဲ့သော(၅)နှစ်ခန့်မှစ၍ စတင်လုပ်ကိုင်ရောင်းချလျှက်ရှိပြီး ကြက်သွန်ကြော်ရာတွင် အသုံးပြုသည့် ကြက်သွန်နီအား သီးနှံပေါ်ချိန်တွင် တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူသလို ရာသီချိန်မဟုတ်ပါက ပွဲရုံများ၌ဝယ်ယူ၍ကြော်ရကြောင်း၊ ယခုပေါက်စျေးအနေဖြင့်(၁)ပိဿာလျှင်(၅၀၀-၅၅၀)ကျပ်ပေးရကြောင်း၊ တစ်နေ့လျှင်ကြက်သွန်နီ(၁၀၀၀)ပိဿာအထိ ကြော်ရကြောင်း၊ ကြက်သွန်နီကြော်လုပ်ငန်း လုပ်ကိုင်ရာတွင် အကြော်ဆရာ(၁၂)ဦးရှိပြီး လူတစ်ဦး(၁)လလျှင် ပုတ်ပြတ်အနေဖြင့် (၁၇၀၀၀၀/-)ကျပ်ပေးရကြောင်း၊ ကြက်သွန်နီကြော်လုပ်ငန်း၌ တစ်ရက်လျှင် လုပ်သားဦးရေ(၅၀)ခန့် အထိအသုံးပြုရပြီး တစ်ဦးလျှင် ကြက်သွန်(၂၅) ပိဿာခန့် အခွံခွာ/ခြစ်ပြီးစီးကြောင်း၊ အခွံခွာ/ခြစ်(၁)ပိဿာလျှင်(၂၀၀/-)ကျပ်ပေးရကြောင်း၊ လုပ်သားတစ်ဦးအနေဖြင့် တစ်နေ့လျှင်ဝင်ငွေ(၅၀၀၀/-)ကျပ်ရရှိပြီး အနီးနားဝန်းကျင်မှ လုပ်သားများအား အလုပ်အကိုင်ပေးနိုင်ကြောင်း ၊ ကြက်သွန်နီအား ကြော်ရာတွင် အခြောက်လှန်း၍ ကြော်ခြင်းမဟုတ်ဘဲ နေဖြင့်ထန့်အောင်လှန်းပြီးကြော်ခြင်းဖြစ်ကြောင်း၊ အချို့မှာအစိုကြော်ကြောင်း၊ အစိုကြော်လျှင် ဆီပိုမိုကုန်ကျပြီး အခြားပစ္စည်းများ ပါဝင်ကြော်ခြင်းမျိုးမဟုတ်ဘဲ ကြက်သွန်နီကုန်ကြမ်းတစ်မျိုးဖြင့်သာ ကြော်၍ရောင်းချပါသည်။ကြော်ပြီး ကြက်သွန်ကြော်ထုတ်များအား အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ကြက်သွန်နီကြော် (၁)ပိဿာ တစ်ထုပ်လျှင်(၈၀၀၀/-)ကျပ်၊ (၅၀)ကျပ်သားတစ်ထုပ်လျှင် (၄၀၀၀/-)ကျပ် ၊ (၂၅)ကျပ်သား တစ်ထုပ်လျှင် (၂၀၀၀/-)ကျပ်ဖြစ်ပြီး ဖောက်သည်စျေးအနေဖြင့်(၁)ပိဿာအထုပ် (၁၀)ထုပ်အထက်မှာယူပါက(၁)ပိဿာထုပ်(၁)ထုပ်လျှင်(၆၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးကြောင်း ၊ အရသာချို ကြက်သွန်နီကြော်လုပ်ငန်းပိုင်ရှင်၏ ပြောကြားချက်အရသိရှိရပါသည်။ အရသာရှိပြီး ကြွပ်ရွမွှေးကြိုင်နေသော ကြက်သွန်နီကြော်များကို အလှူ ၊ မင်္ဂလာဆောင်ပွဲများ ၊ ဆွမ်းကပ် ၊ ကထိန်ပွဲများတွင် ဒံပေါက်ချက်ခြင်း၊ငါးခြောက်ကြော်ခြင်း၊ ငရုတ်သီးကြော်ခြင်းနှင့် အသုပ်စုံတို့တွင် လိုအပ်သလိုထည့်၍ စားသုံးကြပါသည်။ ကြက်သွန်နီကြော်အား မည်သည့်ဓါတုပစ္စည်းမှ အရောအနှောမပါဝင်ဘဲ ကြက်သွန်နီ သီးသန့်ကြော်ထားပြီး သန့်ရှင်းလတ်ဆတ်၍ အသင့်စားသုံးနိုင်သောကြောင့် သုံးစွဲသူများအနေဖြင့် အလွယ်တကူဝယ်ယူစားသုံးနိုင်သလို လုပ်ငန်းရှင်များအနေဖြင့်လည်း ကြက်သွန်သီးနှံအား ဒေသတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)