
ပြည်ဈေးကွက်၌ တစ်နှစ်တစ်ခါ သရက်သီးမှည့်ပေါ်ချိန်တွင် ဒညင်းသီးများလည်း ဈေးကွက်သို့ စတင်ဝင်ရောက်ရောင်းချလာကြပါသည်။ ရာသီပေါ်အသီးဖြစ်သော ဒညင်းသီးမှာ လူကြိုက်များပြီး စားသုံးသူများသလောက်ရှိပါသည်။ ယခုအချိန် ပြည်ဈေးကွက်တွင်ရောင်းချနေသော ဒညင်းသီးများမှာ ပဲခူးတိုင်း၊အရှေ့တောင်ငူဘက်မှ ဝင်ရောက်လာသည့်အပြင် ဧရာဝတီတိုင်းမှလည်း ဝင်ရောက်လာသည်ကိုတွေ့ရပါသည်။ ယခုအချိန်သည် ပေါ်ခါစဖြစ်၍ အထွက်နည်းပြီး ဈေးနှုန်းမှာလည်း မြင့်တက်နေသည်ကိုတွေ့ရပါသည်။ ပြည်ဈေးကွက်အတွင်းရှိ ဒညင်းသီးရောင်းချသူတစ်ဦးက ၂၀၂၃ခုနှစ်၊ မေလ ယခုကဲ့သို့သောအချိန်တွင် ဒညင်းသီးများအဝင်လှိုင်နေပြီး ၂၀၂၄ခုနှစ်၊ မေလတွင် အဝင်နည်းနေကြောင်း၊ ဈေးနှုန်းအနေဖြင့်လည်း ၂၀၂၃ခုနှစ်ထက် ဈေးနှုန်းများမြင့်နေသည်ဟုပြောကြောင်းသိရပါသည်။၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်၌ ဈေးကွက်တွင်ရောင်းချသော ဒညင်းသီးဈေးနှုန်းများမှာ ဒညင်းသီးအသေး (အစိမ်းတို့စားလျှင် စားနိုင်သော) ၂၅လုံးလျှင် ၁၀၀၀ကျပ်၊ အလတ်စား(၁၀)လုံးလျှင် ၁၃၀၀ကျပ်၊ အကြီး (၁၀) လုံးလျှင် ၁၆၀၀ကျပ်ဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)