
အရပ်ဒေသအလိုက် သရက်သီးမျိုးများစွာရှိသည့်အနက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ဦးပု၊ မန္တလေးရင်ကွဲသရက်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး မြကျောက်၊ စိန်တစ်လုံး၊ စိမ်းစားသရက်၊ သုံးလုံးတစ်တောင် စသည့ဖြင့် အခြားသရက်မျိုးများကိုလည်းစိုက်ပျိုးကြပါသည်။ နတ်တလင်းမြို့နယ်တွင် သရက်ပင်ကို ခြံလိုက်စိုက်ပျိုးခြင်းမရှိဘဲ အခြားသီးပင်၊ စားပင်များနှင့်ရောကာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဦးပုသရက်သီးမှာ ဒေသတွင်း ဈေးကွက်တွင် စောစီးစွာထွက်ရှိပြီး ဈေးကောင်းရရှိခြင်းကြောင့် စိုက်ပျိုးမှုများကြောင်း သရက်စိုက်ပျိုးသူတစ်ဦးထံမှသိရပါသည်။ ၂၀၂၃ခုနှစ်တွင် ပေါ်ဦးပေါ်စဖြစ်သော ဦးပုသရက်သီးမှည့်တစ်လုံးလျှင် ၁၅၀ကျပ်မှ ၁၀၀ကျပ်ဈေးနှုန်းသာရှိခဲ့သော်လည်း ယခု၂၀၂၄ခုနှစ်၌ ဈေးကွက်အတွင်း ဦးပုသရက်သီးမှည့်များကို ဧပြီလ စတုတ္တပတ်မှ စတင်ရောင်းချလျက်ရှိရာ ပေါ်ဦးစသရက်သီးမှည့်တစ်လုံးလျှင် အရွယ်အစားကိုလိုက်၍ ၂၅၀ကျပ်မှ ၂၀၀ကျပ်နှုန်းဖြင့် ဈေးကောင်းရရှိခဲ့ကြောင်းသိရပါသည်။
ယခု၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်တွင် ဦးပုသရက်သီးမှည့်တစ်လုံးလျှင် ၁၈၀ကျပ်မှ ၁၅၀ကျပ်ပေါက်ဈေးဖြင့် ရောင်းချလျက်ရှိသဖြင့် ပေါ်ဦးစထက် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။ နတ်တလင်းမြို့နယ်မှထွက်ရှိသော ဦးပုသရက်သီးမှည့်များကို ဒေသတွင်းနှင့် ပေါင်းတည်၊ ကြို့ပင်ကောက်၊ သုံးဆယ်နှင့် ရန်ကုန်မြို့သို့ပါ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)