စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ပြည်တွင်း MSMEs ကဏ္ဍလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ (၁၆-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ “ စံထူး “ အာလူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဈေးနှုန်း၊ ဈေးကွက်များအား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။
ထိုသို့ကွင်းဆင်းမေးမြန်းရာတွင် အာလူးကြော်လုပ်ငန်းရှင်က ယခုလက်ရှိအချိန်တွင် အာလူးကြော်များ ရောင်းအားသွက်လျက်ရှိပါကြောင်း၊ ရှမ်းအာလူး(ရှယ်)များကို အောင်ပန်းမြို့မှ ကျောက်ပန်းတောင်းမြို့သို့ရောင်းချပြီး ကျောက်ပန်းတောင်းမြို့မှတစ်ဆင့် ဝယ်ယူကြောင်း၊ အာလူး(၁)ပိဿာကို ပခုက္ကူမြို့အရောက် ကျပ် (၂၅၀၀) ဖြင့် ဝယ်ယူရကြောင်း၊ အာလူးတစ်ပိဿာကြော်လျှင် အာလူးကြော်(၂၅)ကျပ်သားထွက်ရှိကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှပိဿာအချိန်(၃၀)ပါ (၂)အိတ်ကြော်ရကြောင်း၊ ကျပ်(၂၀၀)တန်နှင့် ကျပ် (၁၀၀၀)တန်များထုတ်လုပ်ရောင်းချကြောင်း၊ ပခုက္ကူမြို့မဈေးတွင် အဓိကထားရောင်းချကြောင်း၊ ယခင်အချိန်က ရန်ကုန်နှင့် မုံရွာမြို့သို့ တင်ပို့ရောင်းချပြီး လက်ရှိအချိန်တွင် မြို့ပေါ်တွင်သာရောင်းချရကြောင်း၊ အာလူးကြော်လုပ်ငန်းမှာ စဉ်ဆက်မပြတ်ကြော်နေရပြီး ဖောက်သည်များလည်းရှိပါကြောင်း၊ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်၍ လုပ်သားများအနည်းငယ်သာထားရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဝင်ငွေမှာ မိသားစုစားဝတ်နေရေးအဆင်ပြေ၍ တွက်ခြေကိုက်မှုရှိပါကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရသိရှိရပါသည်။
DOCA(မကွေး)