Main menu

ပခုက္ကူမြို့၌အရောင်းအဝယ်ဖြစ်နေသော မြေပဲဆံဈေးနှုန်းဈေးကွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ၂၀၂၄ ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် မြေပဲဈေးနှုန်းများ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့သည် မကွေးတိုင်းအတွင်း စီးပွားရေးအချက်အချာကျသောမြို့ဖြစ်ပြီး ဒေသထုတ်ကုန်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ မြေပဲသီးနှံမှ မြေပဲဆီ၊ မြေပဲယို၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥစသည့် ကုန်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးလျက် ရှိခြင်းကြောင့် မြေပဲရောင်းဝယ်ရေးလုပ်ငန်းများ တွင်တွင်ကျယ် ကျယ်ဆောင်ရွက်လျက်ရှိ၍ မြို့ပေါ်တွင် မြေပဲရောင်းဝယ်ရေးလုပ်ငန်းရှင်(၇၀၀)ဦးခန့်ရှိကြောင်း သိရှိရသည်။

          ပခုက္ကူဈေးကွက်သို့ မြေပဲစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းရွာများ၊ မြစ်ခြေ၊ ကမ္မနှင့် ယောနယ် ဒေသများဖြစ်သော ပေါက်၊ ဆော၊ ထီးလင်း၊ ကျောက်ထုမြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ယခုအချိန်တွင် မြို့ပေါ်ရှိ ဝယ်လက်ကုန်သည်လုပ်ငန်းရှင်ကြီးမှားမှတစ်ဆင့် မြေပဲများကြိတ်ခွဲထုတ် လုပ်ပြီး မြေပဲဆံများကို ဒေသတွင်းလုပ်ငန်းရှင်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြောင်း၊ မြို့ပေါ်ဈေးကွက်တွင် မြေပဲဆံ(အဖြူ)လုံးသေး (၃)လပဲများ ကုန်သည်လက်ကျန်မရှိ၍ အရောင်းအဝယ်မဖြစ်ကြောင်း၊ (၆)လပဲ လုံးဆံ(အနီ)မျိုးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          မြေပဲဈေးကွက်အနေဖြင့် မေလ(ဒုတိယပတ်)တွင် မြေပဲလုံးဆံနီ(ရှယ်)တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ လုံးဆံတစ်ပိဿာလျှင် ကျပ်(၆၂၀၀ - ၆၃၀၀)၊ ဆီဆံတစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ (၂၄)ပြည်ဝင်အိတ်(၄၀၀)ခန့်၊ ပိဿာ(၉၆၀၀)ခန့် နေ့စဉ်အရောင်းအဝယ် ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲဆားလှော်လုပ်ငန်းရှင်များအပြင် စားသောက် ကုန်မျိုးစုံထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ပခုက္ကူမြို့မှထွက်ရှိသော မြေပဲဆံ များကို ဒေသတွင်းဖြန့်ဖြူး ရောင်းချမှုအပြင် ပြည်ပယိုးဒယားနိုင်ငံသို့ မန္တလေးမြို့မှတစ်ဆင့် တင်ပို့ လျက်ရှိသော်လည်း ယခုအချိန်တွင် ဒေသတွင်း မြေပဲလက်ကျန်နည်း၍ ပြည်ပသို့ တင်ပို့မှုမရှိကြောင်း မြို့ပေါ်ရှိ မြေပဲ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

          DOCA(မကွေး)