Main menu

ဆန်စပါးကဏ္ဍတွင် ဗီယက်နမ်ရှိ ကန်ထိုမြို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အင်ဒိုနီးရှားဆွေးနွေး

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ကန်ထိုမြို့ (Can Tho) ရှိ ဆန်စပါးတင်ပို့မှုနှင့် စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိသည်ဟု အဆိုပါမြို့သို့ ရောက်ရှိနေသော အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ၂၀-၅-၂၀၂၄ နေ့တွင် မြူနီစီပယ်ပါတီကော်မတီ အတွင်းရေးမှူး Nguyen Van Hieu နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ကြောင်း သိရှိရသည်။

      ကန်ထိုမြို့ သည် ဆန်တင်ပို့မှုအပါအဝင် လယ်ယာစိုက်ပျိုးရေး ဖွံဖြိုးတိုးတက်မှု၌ အားသာ ချက်များရှိကြောင်း၊ အရည်အသွေးမြင့် ဆန်များအား ကာဘွန်ထုတ်လွှတ်မှုနည်းပါးသည့် စိုက်ပျိုးမှု နည်းစနစ်ဖြင့် ဧရိယာဟက်တာ ၁ သန်း စိုက်ပျိုးထုတ်လုပ်မည့် စီမံကိန်းကို ထူထောင်ရာဒေသ လည်းဖြစ်ကြောင်းဖြင့် အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးက ပြောဆိုခဲ့သည်။

    ကန်ထိုမြို့ မြူနီစီပယ်ပါတီကော်မတီ အတွင်းရေးမှူး Nguyen Van Hieu က မဲခေါ်မြစ်ဝ ကျွန်းပေါ်ဒေသ ဆန်စပါးသိပ္ပံ (Mekong Delta Rice Institute) နှင့် ကန်ထိုတက္ကသိုလ် (Can Tho University) တို့တွင် စပါးနှင့် သီးနှံမျိုးကွဲများအား အထူးပြု လေ့လာသုတေသနပြုလုပ်သည့် ဌာန များ တည်ထောင်ဆောင်ရွက်မှုနှင့်အတူ အရည်အသွေးမြင့်ဆန်၊ သစ်သီးဝလံနှင့် ငါးလုပ်ငန်းတို့၌ ထုတ်လုပ်မှု အားကောင်းခိုင်မာကြောင်း၊ ကန်ထိုမြို့အနေဖြင့် အင်ဒိုနီးရှားအပါအဝင် ဟာလာစားသောက်ကုန်ဈေးကွက်များသို့ ၎င်းတို့၏ လယ်ယာထွက်ကုန်များ တင်ပို့မှုကို တိုးချဲ့ရန် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များသို့ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်ထုတ်ကုန်များအပြင် အခြားသော လယ်ယာထွက် သစ်သီးဝလံများနှင့် ပင်လယ်စာများကို အင်ဒိုနီးရှားသို့ တင်ပို့နိုင မည်ဟု မျှော်မှန်းထားကြောင်းဖြင့် ဧည့်သည်ကိုယ်စားလှယ်အဖွဲ့သို့ ဆွေးနွေးပြောကြားခဲ့သည်။

    ကန်ထိုမြို့ရှိ နိုင်ငံခြားရေးရာဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အဆိုပါဒေသမှ ဆန်၊ လယ်ယာထွက်ကုန်များနှင့် ပြုပြင်ထားသည့် စိုက်ပျိုးရေးထုတ်ကုန်များကို အင်ဒိုနီးရှားသို့ တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၁၆.၁၉ သန်းရရှိခဲ့ကြောင်း၊ လက်ရှိကာလ၌ ကန်ထိုဒေသတွင် အင်ဒိုနီးရှားနိုင်ငံမှ ရင်းနီးမြှုပ်နှံ လုပ်ကိုင်မှုမှာ ဒေါ်လာ ၁၀ သန်းကျော်ရှိကြောင်း သိရှိရသည်။

Source: Vietnam Plus, 20 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)