မလေးရှားနိုင်ငံတွင် ၂ဝ၂၄ ခုနှစ်မေလအတွင်း စားအုန်းဆီထုတ်လုပ်မှုကောင်းမွန်လာသဖြင့် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများသည် ရင်းဂစ် ၃,၇ဝဝ မှ ၃,၉၅ဝ ကြားရှိမည်ဟု မျှော်လင့်ရသည်ဟု မလေးရှားစားအုန်းဆီကောင်စီ (MPOC) ထံမှ သိရှိရကြောင်း The Edge Malaysia သတင်းဌာနမှ ၂၀-၅-၂၀၂၄ ရက်နေ့တွင် ဖော်ပြထားပါသည်။ အဆိုပါသတင်းဌာန၏ ဖော်ပြချက်တွင် စားအုန်းဆီထုတ်လုပ်မှု မြင့်တက်လာသော်လည်း စားအုန်းဆီသိုလှောင်မှုမှာ ယခုနှစ်ဒုတိယသုံးလပတ်တွင် တန်ချိန် ၂ သန်းအောက်သာ ကျန်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ သို့ရာတွင် အဓိကဝယ်ယူတင်သွင်း သောနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင်လည်း စားသုံးဆီသိုလှောင်မှုအား လျော့နည်း နေပြီး ပို့ကုန်ဝယ်လိုအား ဆက်တိုက်ရှိနေခြင်းကြောင့် အဆိုပါအခြေအနေကို လျော့နည်းသက်သာ စေမည်ဖြစ်ကြောင်းနှင့် အရောင်းမြင့်တက်မှုသည် စားအုန်းဆီဈေးနှုန်းများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေခဲ့ပြီး မတ်လတွင် ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း လက်ရှိကာလတွင် စားအုန်းဆီ ဈေးနှုန်းများမှာ ဧပြီလတွင် ၉% ကျဆင်းခဲ့ကြောင်း မလေးရှားစားအုန်းဆီကောင်စီ (MPOC) ၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း ဖော်ပြထားပါသည်။
ဥရောပဈေးကွက်၌ စားအုန်းဆီဈေးမှာ ဧပြီလတွင် ၅.၅ % ကျဆင်းခဲ့ပြီး ပဲပုပ်ဆီမှာ ၂.၅% ကျဆင်းခဲ့ကြောင်း၊ သို့သော် နေကြာဆီမှာ ၃.၇%၊ မုန်ညင်းဆီမှာ ၈.၇% ခန့် ဈေးနှုန်း မြင့်တက်ခဲ့ ကြောင်း၊ ယခုကဲ့သို့ဈေးနှုန်းအပြောင်းအလဲများက အဓိက တင်သွင်းသည့်နိုင်ငံများကို အဆင့်မြင့် စားသုံးဆီ များထက် စားအုန်းဆီကို ဦးစားပေး ဝယ်ယူရန် တွန်းအားပေးလာနိုင်သည်ဟု မျှော်လင့်ကြကြောင်း မလေးရှား စားအုန်းဆီကောင်စီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Bloomberg ၏ ကိန်းဂဏန်း အချက်အလက်များအရ တတိယလအတွင်း ချုပ်ဆိုကြသည့် စားအုန်းဆီ အရောင်းအဝယ်စာချုပ်များ တွင် ဧပြီလ ၃ ရက်နေ့၌ စားအုန်းဆီကြမ်းတစ်တန်လျှင် ရင်းဂစ် 4,336 ဖြင့် အထွတ်အထိပ်သို့ မြင့် တက်ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလကုန်တွင် တစ်တန်လျှင် ရင်းဂစ် 3,650 ဖြင့် 18% ကျော် မြင့်တက်လာခဲ့ကြောင်း၊ လတ်တလောအခြေအနေတွင် စားအုန်း ဆီကြမ်းစာချုပ်သည် တစ်တန်လျှင် ရင်းဂစ် 3,898 ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တစ်ချိန် တည်းတွင် ပဲပုပ်၊ မုန်ညင်းစေ့နှင့် နေကြာစေ့များ ထုတ်လုပ်မှုသည် တန်ချိန် ၂၆ သန်း တိုးတက် လာမည်ဟု မျှော်မှန်းထားပြီး ကြိတ်ခွဲထုတ်လုပ်မှုမှာ တန်ချိန် ၁၆ သန်းတိုးလာနိုင်မည်ဟု ခန့်မှန်း ထားကြောင်း မလေးရှားစားအုန်းဆီကောင်စီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အဆင့်မြင့် စားသုံးဆီဈေးကွက်တွင် လွှမ်းမိုးနေသည့် မုန်ညင်းနှင့် နေကြာဆီတို့သည် စားအုန်းဆီထက် ဈေးနှုန်းပိုမိုမြင့်မားနေခြင်းကြောင့် စားအုန်းဆီအဓိကဝယ်ယူနေသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က စားအုန်းဆီဖက်သို့ ပြန်လည်ဦးလှည့်၍ ဝယ်ယူတင်သွင်းလာ နိုင်သည်ဟု မလေးရှား စားအုန်း ဆီကောင်စီ (MPOC) က မျှော်လင့်ထားကြောင်း သတင်းရရှိပါသည်။
Source: The Edge Malaysia, 20th May 2024. . (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)