ရှေးမြန်မာမင်းများလက်ထက်ကပင် မြန်မာတို့၏ရိုးရာပြိုင်ပွဲများတွင် ခြင်းလုံးခတ်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထိုးကွင်းမှင်ကြောင်ထိုးထားသော လုလင်ပျိုများသည် ခါးတောင်းကျိုက်ကာ ခြင်းလုံးခတ်နေကြပုံများကို မြန်မာမှာသာမက ကမ္ဘာကပါသိရှိကြသော ပုံရိပ် များပင်ဖြစ်ပါသည်။စက်ဝိုင်းပုံသဏ္ဌာန်ဝိုင်း၍ စုစုစည်းစည်းဖြင့် ကစားရသောအားကစားတစ်ခု လည်းဖြစ်၍ အချင်းချင်းစည်းလုံးညီညွတ်မှုကို ပြသသောကစားနည်းတစ်ရပ်ဖြစ်သည်။ ထိုကစားနည်း ကို ရှေးယခင်မှစ၍ ရိုးရာမပျက်ဆက်လက်ထိန်းသိမ်းခဲ့သည်မှာ ယခုထက်တိုင်ဖြစ်ပါသည်။ ခြင်းလုံးခတ်ခြင်းကို စိတ်ဝင်စားကြသလို ခြင်းလုံးထိုးခြင်းအနုပညာ ကိုလည်းသိရှိလို၍ သွားရောက် လေ့လာစုံစမ်းခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့၏ ဒေသထွက်ကုန်များထဲမှ တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိသော ကြိမ်ခြင်းလုံး လုပ်ငန်းကလည်း အသေးစားအိမ်တွင်းလက်မှု လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကုန်ကြမ်းအနေနဲ့ ယမထာကြိမ်ကိုအဓိကအသုံးပြုပြီး ငွေဆောင်မြို့နှင့် အနောက်သဲဖြူစသည့်ကျေးရွာများမှ အဓိက ကုန်ကြမ်းကိုရရှိပါသည်။ ယမထာကြိမ်တစ်လုံးကို ယခင်နှစ်က(၅၀၀)မှ(၆၀၀)ကျပ် ဝယ်ယူ အသုံးပြုခဲ့ရပြီး ယခုနှစ်တွင် (၈၀၀)မှ(၉၀၀)ကျပ်အထိ ဝယ်ယူအသုံးပြုရပါသည်။ ကြိမ်ခြင်းလုံး တစ်လုံး၏ ကုန်ကျစရိတ်မှာ ပျမ်းမျှ(၂၃၀၀)ကျပ် အထိကုန်ကျပြီး တစ်လုံးရောင်းရငွေ (၂၅၀၀)ကျပ် အထိရောင်းရ၍ တစ်လုံးပျမ်းမျှ(၂၀၀)ကျပ် အကျိုးအမြတ် ရရှိပါသည်။ တစ်ရက်ကို ကြိမ်ခြင်းလုံး (၄၀)လုံးခန့် ရက်လုပ်နိုင်ပြီး၊ တစ်လကို(၁၂၀၀)လုံးခန့် ရက်လုပ်နိုင်ပြီး တစ်နှစ် ပျမ်းမျှ(၁၄၄၀၀)လုံး ခန့်ထွက်ရှိပါသည်။ ကြိမ်ခြင်းလုံးကို ရန်ကုန်မြို့ အဝယ်ဒိုင်သို့အဓိကတင်ပို့ပြီး ရန်ကုန်မှ မြန်မာနိုင်ငံအနှံအပြားကို ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ တစ်နှစ်ပါတ်လုံးလုပ်ကိုင်ရသော လုပ်ငန်းဖြစ်၍ အရင်ကမိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်သောလုပ်ငန်း ဖြစ်သော်လည်းယခုအခါ လုပ်သားဦးရေ(၂၀)ဦးခန့်ဖြစ်တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ရှေးအစဉ်အလာမပျက်ဝင်ငွေတိုးတက်စေမည့် ကြိမ်ခြင်းလုံး ဈေးကွက်ဝင်လာကြောင်းနှင့်အနီးပတ်ဝန်းကျင်ရှိသူများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိသော အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)