Main menu

တောင်ငူမြို့ရှိဈေးများတွင် ရာသီပေါ်ဝါးနွယ်မျှစ်များ စတင်ရောင်းချ

Powered by Drupal

    တောင်ငူမြို့သည် အရှေ့ဘက်တွင် အရှေ့ရိုးမတောင်နှင့် အနောက်ဘက်ရှိ ပဲခူးရိုးမ တောင်ကြား စစ်တောင်းမြစ်ကမ်းနဖူးတွင် တည်ရှိသောမြို့တစ်မြို့ဖြစ်ပါသည်။ တောင်ပေါ်ဒေသများရှိ ဝါးများမှရရှိသော ဝါးနွယ်မျှစ်များအား တောင်ခြေကျေးရွာများရှိ ရွာသူရွာသားများ ခုတ်ယူ၍ မြို့ပေါ်ရှိဈေးများတွင် လာရောက်ရောင်းချကြပါသည်။

    ဝါးနွယ်မျှစ်များမှာ အချောင်းသေးသွယ်သောပုံသဏ္ဍာန်ရှိ၍ နုဖက်ကာ ချိုမြိန်သော အရသာရှိသောကြောင့် ယခုလိုမိုးဦးကျရာသီတွင်ပေါ်သော ဝါးနွယ်မျှစ်မှာ လူကြိုက်များသော မျှစ်တစ်မျိုးလည်း ဖြစ်ပါသည်။ ဝါးနွယ်မျှစ်အားပြုတ်၍ ငါးပိရည်နှင့်တို့စား၍ရသလို ပါးပါးလှီး၍ အချဉ်ရည်ဟင်းတွင်လည်း ထည့်ချက်၍ရပါသည်။ ထို့ပြင် မျှင်ငါးပိ၊ ငရုပ်သီးစိမ်းနှင့် ရောစပ်၍ ချက်စားပါကလည်း ယခုလို မိုးဦးကျရာသီတွင် ခံတွင်းမြိန်စေသော ဟင်းတစ်ခွက်လည်းဖြစ်ပါသည်။

    ၂၀၂၄ခုနှစ် မေလတတိယအပတ်တွင် ဝါးနွယ်မျှစ်ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး မိုးဖြိုင်ဖြိုင်ကျသောမိုးရာသီတွင် ဈေးနှုန်းကျဆင်းနိုင်ကြောင်း တောင်ငူမြို့ ရွှေဆံတော်ဘုရားဈေးတွင် ဝါးနွယ်မျှစ်ရောင်းချသူတစ်ဦးထံမှ သိရှိခဲ့ပါသည်။ တောင်ငူမြို့ရှိဈေးများတွင် ရောင်းချနေသော ဝါးနွယ်မျှစ်များမှာ တောင်ငူဒေသတွင်းမှ ထွက်ရှိသော မျှစ်များဖြစ်ကြောင်းလည်း လေ့လာသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)