Main menu

ညီညွတ်မျှတသည့် စားသုံးသူကာကွယ်ရေး ဖော်ဆောင်ကြပါစို့

Powered by Drupal

            စားသုံးသူသည် နေ့စဉ် ကုန်စည်နှင့်ဝန်ဆောင်မှုကို ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ၊ ပေးကမ်းထောက်ပံ့ခြင်းခံရသူများအားလုံးတို့မှလည်းကောင်း သုံးစွဲရကြသည်။ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို သုံးစွဲကြရာတွင် အဓိက ကိုယ်ကျန်းမာရေး စိတ်ချမ်းသာစေဖို့ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ(၂)ခုလုံး စိတ်ချမ်းသာယာမှုရှိပြီး ခန္ဓာကိုယ်ကျန်းမာစေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ ရရှိဖို့လိုအပ်လာပါသည်။ ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ ကုန်စည်ထုပ်ပိုးမှုများသည်အဆင့်မြှင့်တင်လာကြ၍ ဝန်ဆောင်မှုပေးသည့်ပုံစံများကလည်းမတူ မရိုးရလေအောင် ဖန်တီးမှုအသစ်သစ်တွေကို တွေ့မြင်လာရပါသည်။ ယင်းအပေါ်မှာ စားသုံးသူများက ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် စားသုံးသူအခွင့်အရေး၏မိမိတို့စိတ်ကြိုက် ရွေးချယ်နိုင်ခွင့်ရရှိခြင်းဖြင့် ဝယ်ယူလာကြသည် ထိုပုံစံကလည်း စားသုံးသူအခွင့်အရေးများကို သိရှိပြီး ရယူလာနိုင်မှုလည်းဖြစ်ပါသည်။

          ယနေ့တွင် စားသုံးသူများသည် မြန်မာနိုင်ငံတွင်ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပေါ်ပေါက်လာပြီးနောက် စားသုံးသူများသည် တိကျမှန်ကန်မှုရှိသည့် သတင်းအချက်အလက်များရရှိလာသည့်အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုတို့ကို  ခိုင်မာသောဆုံးဖြတ်ချက် မှန်ကန်သောရွေးချယ်မှုများဖြင့်ဝယ်ယူသုံးစွဲလာခဲ့ကြသည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းရေးလုပ်ငန်းများလုပ်ဆောင်၍ စဉ်ဆက်မပြတ် လေ့လာသုံးသပ်ရာတွင် စိတ်ချရသည့် ကုန်စည်စိတ်ချယုံကြည်ရန် လိုအပ်သည့်ကုန်စည် လိုအပ်ချက်များဖြည့်သွင်းရန်ကျန်သေးသည့်ကုန်စည်နှင့်ဝန်ဆောင်မှုအချို့သည် လုံခြုံစိတ်ချရမှုရှိစေရေး လိုအပ်မှုအချို့ရှိသည်ကို တွေ့ရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ကောင်းမွန်သည့်စီးပွားရေးလုပ်ငန်းရှင်ဖြစ်စေရန် စီးပွားရေးလုပ်ငန်းရှင်ကျင့်ဝတ်လိုက်နာမှု၊ တာဝန်ယူမှု တာဝန်ခံမှုတို့ ဆွေးနွေးအကြံပေးခြင်း၊ လိုအပ်သည့်လမ်းညွန်မှုများ ဖော်ဆောင်ပေးခဲ့ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)တွင် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဆိုသည့် ပုဒ်မ ၂၁၊ ပုဒ်မခွဲ (၁၁)ခု ဖော်ပြထားမှုတွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ် အခြေခံ၍အာမခံချက်ပေးခြင်း၊ အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထမ်မံပေးချေရမည့်တန်ဖိုးစားသုံးသူ ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားမည့် ကုန်စည် သို့မဟုတ်        ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက် ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်နှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှု မရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ်လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း မဟုန်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမှုခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊  ထုတ်လုပ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင် ဘေးအန္တရာယ်ရှိကြောင်းကို မိမိကိုယ်တိုင်သော်လည်းကောင်း အခြားနည်းလမ်းတစ်ခုခုအရသော်လည်းကောင်း သိရှိလျှင် အဆိုပါအကြောင်းအရာအား ဦးစီးဌာနနှင့်စားသုံးသူများထံအချိန်မီသိရှိနိုင်စေရန် လူထုဆက်သွယ်ရေးနည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ အသိပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စရပ်များဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာ ကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်ကို အလေးထားလိုက်နာဆောင်ရွက်ရန် စသည့်အချက်များနှင့် ပတ်သတ်၍ စီးပွားရေးလုပ်ငန်းရှင်များမှလည်း သိရှိလိုက်နာဆောင်ရွက်လာကြသည်။

          ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်သားဖော်ပြခြင်း ပုဒ်မ ၄၁၊ ပုဒ်မခွဲ (၈)ချက်ကို အလေးထားဆောင်ရွက်လာကြောင်းတွေ့ရှိရသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊  ပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊  ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များတင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင် ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်နှင့်ပစ္စည်းများ၏ ပမာဏပါဝင်မှုအမျိုးအစား၊  ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊  သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များတို့ကို မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် ဖော်ပြရပါမည်။ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ သို့မဟုတ် မြန်မာနှင့် အခြားဘာသာတစ်ခုခုဖြစ်စေ တွဲလျက်ဖော်ပြထားသည့်အတွက် စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုဖြစ်စေပါသည်။

          သို့ဖြစ်ပါ၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်တွင် ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့်မျှတမှုရှိသော လုပ်ငန်းစဉ်ကြီးဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော “ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်”ဆိုသည့်အတိုင်း စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအရ ဆောင်ရွက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်းကောင်းမွန်သောစီးပွားရေးလုပ်ငန်းကျင့်စဉ်၊စည်းကမ်းချက် များနှင့်အညီတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်မည်၊ စားသုံးသူများဘက်မှလည်း မိမိတို့ရရှိမည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်ကိုသိရှိလိုက်နာကာ ဆောင်ရွက်ကြပါက စားသုံးသူ၊လုပ်ငန်းရှင်များ ညီညွတ်မျှတသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ကြီးကို ဖော်ဆောင်ရာရောက်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(မွန်)