Main menu

ပဲမျိုးစုံ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်ချက်ကို သီရိလင်္ကာအစိုးရ ဖြေလျှော့

Powered by Drupal

    သီရိလင်္ကာနိုင်ငံ၌ ကမ္ဘာ့အခြားနေရာဒေသများထက် အချို့သော ပဲမျိုးများ၏ ဈေးနှုန်းများ ကို မြင့်မားမှုဖြစ်ပေါ်စေလျက်ရှိသည့် သွင်းကုန်အပေါ် အမျိုးသားရေးထိန်းချုပ်ဆောင်ရွက်မှု အစီ အမံများအား အစိုးရအဖွဲ့က ဖြေလျှော့မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

   သီရိလင်္ကာသမ္မတရုံး၏ အတွင်းရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးအတွင်းဝန်နှင့် သမ္မတ၏ အကြီးတန်း စီးပွားရေးအကြံပေးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်သော ကော်မတီအဖွဲ့မှ ပဲမျိုးစုံအား တင်သွင်းခွင့်ပြုရာတွင် သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်ချက်များ ချမှတ်ထားခြင်းကို ဖယ်ရှားပေးရန် ထောက်ခံတင်ပြခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံ အစိုးရသည် ကောက်ပဲသီးနှံများဆိုင်ရာ HS Code လိုင်းပေါင်း ၁၂၆ ခုအနက်မှ ၅၃ ခုအတွက် သွင်းကုန်လိုင်စင်လိုအပ်ချက်ကို ဖယ်ရှားပေးခဲ့သည်။

    ထိုသို့ သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်ခြင်း မရှိတော့သည့် ကုန်စည်များတွင် Ulundu ခေါ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ Kurakkan ခေါ် ဆပ်နီ၊ မြေပဲနှင့် ပဲပုပ်အမှုန့်တို့ ပါဝင်ကြောင်း၊ အဆိုပါ ကုန်စည်များ တင်သွင်းရာတွင် လိုင်စင်ခွင့်ပြုချက်ရရှိရန် လိုအပ်ခြင်းက တရား မဝင် တင်သွင်းရောင်းချသည့် မှောင်ခိုဈေးကွက်ဖြစ်ပေါ်စေခဲ့ကြောင်း၊ ယခုကဲ့သို့ သွင်းကုန်ဆိုင်ရာ ကန့်သတ်ချက်များအား ဖြေလျှော့ပေးခြင်းသည် ၎င်းမှောင်ခိုဈေးကွက်ကို ပပျောက်စေရန်နှင့် တရားမဝင်လုပ်ကိုင်မှုများကို ရှင်းလင်းဖယ်ရှားရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းဖြင့် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Mr. Bandula Gunawardana က ပြောကြားခဲ့သည်။

   သီရိလင်္ကာရှိ တမီလ် လွှတ်တော်အမတ်များသည် ၎င်းတို့လူမျိုးစုများ၏ နေ့စဉ်အစားအစာ တွင် အရေးပါသော ကုန်စည်တစ်မျိုးဖြစ်သည့် မတ်ပဲအပေါ် အခွန်နှုန်းများ သတ်မှတ်ကောက်ခံမှုနှင့်စပ်လျဉ်း၍ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

    ပြည်တွင်း၌ ငွေကြေးတန်ဖိုး ကျဆင်းပြိုလဲမှုနှင့်အတူ ဈေးနှုန်းများ မြင့်တက်ဖောင်းပွမှု ဖြစ်ပေါ်ခဲ့အပြီးတွင် အချို့သောပြည်သူများအနေဖြင့် ချွေတာရေး နည်းလမ်းအဖြစ် တစ်နပ်စာလျှော့၍ စားသုံးနေရပြီး ဆင်းရဲနွမ်းပါးမှုသည် တစ်ဟုန်ထိုးမြင့်တက်လျက်ရှိသည်ဟု ဆန်းစစ်ချက်များက ဖော်ပြနေသော်လည်း သွင်းကုန်လိုင်စင်ဆိုင်ရာ ကန့်သတ်ချက်များမှာ ဆက်လက်ထိန်း သိမ်းထားရှိခဲ့ကြောင်း သီရိလင်္ကာ Economy Next သတင်းဌာနက ဖော်ပြထားသည်။

Source: Economy Next, 4 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)