Main menu

အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ်ရေး ဗီယက်နမ်ဆန်တင်ပို့သူများ အုပ်စုနှစ်ခုကွဲလျက်ရှိ

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံပိုင် Bulog ဝယ်ယူရေးအေဂျင်စီက မကြာ‌သေးမီ၌ ခေါ်ယူခဲ့သော တင်ဒါတွင် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များသည် ဆန်တန်ချိန် ၁၀၀၀၀၀ အတွက် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ သန်းဖြင့် လေလံအောင်မြင်ခဲ့ပြီးနောက် ကုမ္ပဏီများအကြား တစ်ဦးနှင့် တစ်ဦး ဈေးပြိုင်လျှော့ရောင်းမှုနှင့် ဈေးနှုန်းစစ်ထိုးမှုများတွင် ပါဝင်ခြင်းတို့ကို ကာကွယ်တားဆီး နိုင်ရန်အတွက် ဗီယက်နမ်ဆန်တင်ပို့မှုနယ်ပယ်၌ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းစနစ် ချမှတ်ဆောင်ရွက် သင့်သည်ဟု လေ့လာဆန်းစစ်သူများက ပြောဆိုလျက်ရှိကြောင်း မလေးရှား The Star Online သတင်းဌာနက ဖော်ပြပါသည်။

      အဆိုပါတင်ဒါ၌ဝင်ရောက်ယှဉ်ပြိုင်သူများအနက် ဗီယက်နမ် Loc Troi ကုမ္ပဏီသည် ကနဦး ကမ်းလှမ်းသည့် ဈေးနှုန်းဖြစ်သော ဆန် ၁ တန်လျှင် ၅၇၉ အမေရိကန်ဒေါ်လာနှုန်းအောက် ၁၆ ဒေါ်လာ လျော့နည်းပြီး ဆန် ၁ တန်လျှင် ၅၆၃ ဒေါ်လာဖြင့် အနိမ့်ဆုံးဈေးနှုန်းပေးလျက် တင်ဒါအောင်မြင်ခဲ့သည်။ အဆိုပါနှုန်းထားသည် ဗီယက်နမ်စားသောက်ကုန်လုပ်ငန်းအသင်း (Vietnam Food Association - VFA) က ဖော်ပြထားသည့် ပြည်တွင်းဆန်ရောင်းဈေးနှုန်းအောက် ၂၄ ဒေါ်လာ လျော့နည်းလျက်ရှိသည်။

    ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၊ ကန်ထိုမြို့၌ အခြေစိုက်သည့် Ngoc Quang Phát ပို့ကုန်သွင်းကုန်ဖက်စပ်ကုမ္ပဏီ၏ ဥက္ကဋ္ဌ Ms. Huynh Thi Bich Huyen က VFA အသင်းအနေဖြင့် ဆန်တင်ပို့မှုအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း စနစ်တစ်ရပ်ကို ထူထောင်သတ်မှတ်သင့်ကြောင်း၊ ၎င်းစနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ဆန်အဝယ် တင်ဒါများ၌ အလွန်နိမ့်ကျသော ဈေးနှုန်းဖြင့် ပို့ကုန်လုပ်ငန်းရှင်များမှ ပါဝင်ယှဉ်ပြိုင်ခြင်းကို တား ဆီးနိုင်မည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်နှင့် တောင်သူလယ်သမားများအတွက် လုံခြုံစိတ်ချရမှု ခိုင်မာ သေချာမည်ဖြစ်ကြောင်း၊ ဗီယက်နမ် ဆန်တင်ပို့သူများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရန်လိုအပ်ကြောင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်း စားသောက်ကုန်ကော်ပိုရေးရှင်းများကို ပူးပေါင်းထူထောင်မှုသည် အချို့သောနိုင်ငံများ၌ တင်ဒါခေါ်ယူမှုတွင် ဗီယက်နမ်ဆန် တင်ပို့သူများကို ကိုယ်စားပြုလျက်ပါဝင်နိုင်မည်ဖြစ်ပြီး စာချုပ်ချုပ်ဆိုပြီးသည့် နောက်ပိုင်း၌ ရရှိလာသည့် အမှာစာအပေါ် ကုမ္ပဏီများအကြား ခွဲဝေနိုင်မည်ဖြစ်ကြောင်း၊ အလွန်နိမ့်ကျသည့် ဈေးနှုန်းဖြင့် ကန်ထရိုက်စာချုပ်များ အောင်မြင်ခြင်းသည် လိုလားသည့်အကျိုးကို ရရှိခြင်းထက် ပို့ကုန်လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ နှစ်ရပ်လုံးအတွက် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်ကြောင်းဖြင့် ပြောကြားခဲ့သည်။

    ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကာလတိုငွေကြေးအခက်အခဲများ ဖြစ်ပေါ်မှုကို ဖြေရှင်းရန် ဈေးကွက်ပေါက်ဈေးထက် နိမ့်ကျသောဈေးနှုန်းဖြင့် ရောင်းချသည့်နည်းစနစ်ကို လွဲမှားစွာ အသုံး ပြုပါက ၎င်းတို့၏ မြီရှင်များ၊ လယ်သမားများနှင့် ၎င်းတို့ကိုယ်တိုင်အတွက် ဘေးအန္တရာယ်နှင့် ကြုံတွေ့လာရမည့်အရေးကို Ms. Huyen က စိုးရိမ်မကင်းဖြစ်ပေါ်လျက်ရှိသည်။

   သို့ရာတွင် အချို့သော ပုဂ္ဂိုလ်များကမူ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုနှင့် ၎င်းတို့၏ ဝယ်လက်များနှင့် ဈေးနှုန်းညှိနှိုင်းမှုတို့တွင် လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြောင်းဖြင့် ကွဲပြားခြားနားသည့်ရှုထောင့်မှ ပြောဆိုလျက်ရှိကြသည်။

     မိမိတို့အားလုံးအနေဖြင့် ဆန်ကို မြင့်မားသောဈေးနှုန်းဖြင့် ရောင်းချရန် ဆန္ဒရှိသော်လည်း စည်းမျဉ်းတစ်ရပ်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားပါက မည်သည့်အရောင်းအဝယ်စာချုပ်မျှ ချုပ်ဆိုနိုင်မည် မဟုတ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များသည် အကျိုးအမြတ်ရရှိမှုနှင့် လက်တွေ့ကျသည့် သင့်တင့်မျှတမှုတို့ နှစ်ရပ်အကြား ဟန်ချက်ညီမျှသည့်နည်းလမ်းကို ရှာဖွေရမည်ဖြစ်ကြောင်း၊ ယင်းအချက်သည် လွတ်လပ်သော ဈေးကွက်တစ်ခုအတွင်း ၎င်းတို့၏ အခွင့်အရေးပင်ဖြစ်ကြောင်း၊ အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်းကို သတ်မှတ်ထားရှိလျက် စာချုပ်ချုပ်ဆိုနိုင်မှုမရှိခြင်းသည် လုပ်ငန်းအခြေအနေကို ပိုမိုဆိုးရွားမှု ဖြစ်စေမည်ဖြစ်ကြောင်းဖြင့် Phuong Dong Food ကုမ္ပဏီမှ ညွှန်ကြားရေးမှူးချုပ် Mr. Nguyen Viet Anh က ပြောဆိုခဲ့သည်။

     မကြာသေးမီက ကန်ထိုမြို့၌ ဆန်တင်ပို့သူများနှင့် တွေ့ဆုံရာတွင် စက်မှုနှင့်ကုန်သွယ်ရေး ဒုတိယဝန်ကြီး Ms. Phan Thi Thang က အစိုးရအနေဖြင့် နိုင်ငံ၏ ဆန်စပါးလုပ်ငန်း ကဏ္ဍ၌ လုပ်ထုံးလုပ်နည်းများ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိကြောင်း၊ လတ်တလော ကာလတွင် ပို့ကုန်လုပ်ငန်းရှင်များသည် ကမ္ဘာ့ဆန်ဈေးကွက် အခြေအနေကို မပြတ်စောင့်ကြည့် လျက် စာချုပ်များအား ချုပ်ဆိုခြင်းမပြုမီ မိတ်ဖက်ကုန်သွယ်သူကို နားလည်ရန် အလေးအနက် ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မလိုလားအပ်သောယှဉ်ပြိုင်မှုများ၊ ဈေးကွက်အငြင်းပွားမှုများနှင့် စာချုပ်ဖောက်ဖျက်မှုများမှ ရှောင်ကြဉ်နိုင်ရေးအတွက် ဆန်တင်ပို့သည့် လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     ယခင်ရက်သတ္တပတ်၌ အင်ဒိုနီးရှားနှင့် စာချုပ်ချုပ်ဆိုမည့်ကိစ္စရပ်ကို Loc Troi ကုမ္ပဏီက ထုတ်ဖော်ကြေညာခဲ့ပြီးနောက် ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပို့ကုန်သွင်းကုန်ဦးစီးဌာနသည် နိမ့်ကျသောဈေးနှုန်းများဖြင့် ဆန်တင်ပို့မည့်ကိစ္စနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြရန် VFA အသင်းနှင့် ၎င်း၏ အဖွဲ့ဝင်အသင်းသားများသို့ တောင်းဆိုခဲ့သည်။

     VFA အသင်းအနေဖြင့် ပြည်တွင်းဆန်ဈေးကွက်ကို အကာအကွယ်ပေးနိုင်မည့် အစီအမံများအား ချမှတ်ဆောင်ရွက်ရန်နှင့် ပို့ကုန်လုပ်ငန်း၏ အကျိုးရှိထိရောက်မှု ခိုင်မာစေလျက် ကမ္ဘာ့ဈေးကွက်၌ ဗီယက်နမ်ဆန်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ညွှန်ကြားခံထားရသည်။ Loc Troi ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့၏ တင်ဒါယှဉ်ပြိုင်မှုများ အားလုံးသည် ပို့ကုန်လုပ်ငန်းရှင်များ၊ လယ်သမားများနှင့် ဈေးကွက်တို့၏ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု သေချာခိုင်မာစေရေး အပြင် ဗီယက်နမ်လယ်ယာထွက်ကုန်များ၏ ကာလရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဂရုတစိုက်စဉ်းစားလျက် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

    လွန်ခဲ့သောနှစ်များအတွင်း အင်ဒိုနီးရှားနိုင်ငံသည် ကုန်အဝယ်အမှာစာများအား သေးငယ်သော တင်ဒါများအဖြစ် ပိုင်းခြားပြီး နိုင်ငံများစွာမှ ကုမ္ပဏီအများအပြားကို တိုက်ရိုက်ပါဝင် ယှဉ်ပြိုင်ခွင့်ပြုလျက် ဈေးနှုန်းများ ကျဆင်းအောင် ဆောင်ရွက်ခဲ့သည်ဟု VFA အသင်း၏ ဥက္ကဋ္ဌ Mr. Nguyen Ngoc Nam က ပြောကြားခဲ့သည်။ အခြေခံအားဖြင့် အနိမ့်ဆုံးဈေးနှုန်းကို ကမ်းလှမ်းသည့် ကုမ္ပဏီသည် တင်ဒါအောင်မြင်မည်ဖြစ်သော်လည်း အင်ဒိုနီးရှား၏ စည်းမျဉ်းအသစ်အရ အနိမ့်ဆုံး ဈေးနှုန်းကမ်းလှမ်းသည့် ကုမ္ပဏီသုံးခုအား နောက်တစ်ကျော့ထပ်မံ ယှဉ်ပြိုင်စေပြီးမှသာ အနိုင်ရသူကို ရွေးချယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: The Star Online, 5 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)