Main menu

ဆန်တန်ချိန် ၃ သိန်းကို တင်ဒါစနစ်ဖြင့် ဘရာဇီးဝယ်ယူမည်

Powered by Drupal

     ဘရာဇီးနိုင်ငံသည် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်တွင်းဆန်ဈေးနှုန်းများကို တည်ငြိမ်စေရန်အတွက် ဇွန်လ ၆ ရက်နေ့တွင် ဆန်တန်ချိန် ၃ သိန်းကို တင်ဒါစနစ်ဖြင့် ဝယ်ယူ သွားမည်ဖြစ်ပါသည်။ ဆန်စပါးကဏ္ဍတွင် ရှားပါးလှသည့် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှု အဖြစ်  ထုပ်ပိုးသည့်အိတ်ခွံပေါ်တွင် ဘရာဇီးငွေကြေးအားဖြင့် ရောင်းဈေး ၁ ကီလိုဂရမ်လျှင် ၄ ရီရယ်ဟု အစိုးရ၏အမှတ်တံဆိပ် ခတ်နှိပ်ထားရှိသည့် အရန်သင့်ရောင်းချနိုင်သော ၅ ကီလိုဂရမ်ဝင် ဆန် အိတ်များကို ဝယ်ယူသွားမည်ဖြစ်ပါသည်။ အစိုးရ၏ စားနပ်ရိက္ခာဖူလုံရေး အေဂျင်စီဖြစ်သော CONAB သည် အဆင့်-၁ ဆန်ကို ဝယ်ယူရန်အတွက် စည်းမျဉ်းများနှင့် အရည်အသွေး သတ်မှတ် ချက်များကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

    ပိုမိုဈေးနှုန်းချိုသာသော ဆန်များကို တင်သွင်းမည်ဆိုပါက လယ်သမားများက ငွေကြေးဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် လာမည့်သီးနှံရာသီတွင် စပါးကို လျှော့ချစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။ ထိုသို့ဆန်ဝယ်ယူမှုများကြောင့် ပြည်တွင်းဆန်စက်လုပ်ငန်းရှင်များအပေါ် နစ်နာမှုများဖြစ်ပေါ်စေပြီး ဆန်ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေရန် အခွန်ပေးဆောင်နေရသူများအနေဖြင့်လည်း ဆန်ကိုမြင့်မားသောဈေးနှုန်းဖြင့် ဝယ်ယူသွားရနိုင်ခြေရှိကြောင်း ဆန်စက် လုပ်ငန်းရှင်တစ်ဦးက S&P Global သို့ ပြောကြားခဲ့ပါသည်။

    ဘရာဇီးနိုင်ငံသမ္မတ Luiz Inacio Lula da Silva သည် ပြည်တွင်းတွင် ဆန်အဓိက စိုက်ပျိုးသည့် Rio Grande do Sul ဒေသ၌ ရေလွှမ်းမိုးမှုကြောင့် ဆန်ဈေးနှုန်းများ ရုတ်တရက် မြင့်တက်ခဲ့သဖြင့် ယခုကဲ့သို့ဆန်ဝယ်ယူရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံအတွင်း မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများမှာ သီတင်းပတ်များစွာ ဖြစ်ပေါ်ခဲ့ကာ ဆန်ပမာဏမည်မျှဆုံးရှုံးခဲ့သည်ကို အဖြေထုတ်မရပဲ ရှိနေခဲ့ပါသည်။ လယ်သမားများက စပါးဈေးနှုန်း များကို မြှင့်တင်ရောင်းချခဲ့ပြီးနောက် ဆန်ဈေးနှုန်းများသည် အာရှဈေးကွက်မှ ရောင်းချနေသည့် ဆန်များ၏ ဈေးနှုန်းထက် ပိုမိုမြင့်တက်ခဲ့သည်။  ပုဂ္ဂလိကကဏ္ဍသည် ဆန်ဈေးကွက် တည်ငြိမ်စေရေးနှင့် ပြည်တွင်းဆန်ပြတ်လပ်မှု မဖြစ်ပေါ်စေရေးတို့အတွက် ထိုင်းဆန်ဖြူတန်ချိန် ၁၂ဝဝဝဝ ကို ဝယ်ယူတင်သွင်းခဲ့ပါသည်။

    လက်ရှိကာလတွင် ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ဘရာဇီးအစိုးရမှ ဝင်ရောက် ဆောင်ရွက်ရန် တွန်းအားဖြစ်စေခဲ့ပါသည်။ ရေလွှမ်းမိုးမှုဖြစ်ပေါ်ချိန်၌ ဘရာဇီးတစ်နိုင်ငံလုံး၏ စပါးသုံးပုံနှစ်ပုံခန့်စိုက်ပျိုးသော Rio Grande do Sul ဒေသတွင် စပါးစိုက်ဧရိယာ ၁ဝ% မှ ၁၅% အထိ ရိတ်သိမ်းရန်ကျန်ရှိခဲ့ရာ အဆိုပါပမာဏမှာ နိုင်ငံနှစ်စဉ်အထွက် ပမာဏ၏ ၇% မှ ၁ဝ% ကို ကိုယ်စားပြုလျက်ရှိပါသည်။ S&P Global မှ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းမှုများအရ ဆန်စပါးသီးနှံအတွက် ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါသည်။

Source: S&P Global, 30 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)