ထိုင်းနိုင်ငံ၌ စားအုန်းဆီကြိတ်ခွဲထုတ်လုပ်သည့် စက်ရုံလုပ်ငန်းရှင်များအနေဖြင့် တောင်သူများထံမှ ဆီအုန်းသီး တစ်ကီလိုဂရမ်လျှင် အနည်းဆုံး ဘတ်ငွေ ၄ ဒသမ ၅၀ နှုန်းဖြင့်ဝယ်ယူရန် ညွှန်ကြားချက်ကို ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Suriam က လက်မှတ်ရေးထိုးပြီး စားအုန်းဆီ ကြိတ်ခွဲထုတ်လုပ်ရေးအသင်း၏ ဥက္ကဋ္ဌထံ ၂၉-၅-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပေးပို့လျက် ထုတ်ပြန်ထားကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။
ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဆီအုန်းအများအပြား စိုက်ပျိုးထုတ်လုပ်သည့် ခရိုင်တစ်ခုသို့ ၂၈-၅-၂၀၂၄ ရက်နေ့တွင် သွားရောက်လျက် ဆီအုန်းစိုက်ပျိုးသူများ၊ ကြားခံဆီအုန်းဝယ်သူများနှင့် ဆီအုန်းကြိတ်ခွဲထုတ်လုပ်သည့်စက်ရုံများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ကြားခံပွဲစားများအနေဖြင့် ဆီအုန်းစိုက်ပျိုးသည့် တောင်သူများထံမှ ဆီအုန်းအသီး တစ်ကီလိုဂရမ်လျှင် အနည်းဆုံး ဘတ်ငွေ ၄ ဒသမ ၅၀ ဖြင့် ဝယ်ယူရန် အဆိုပါ ဆွေးနွေးပွဲမှ ဖော်ထုတ်ခဲ့ကြောင်း၊ သီးနှံအရည်အသွေးသည် ပရီမီယံအဆင့်ရှိပါက အရည်အသွေးကောင်းမွန်သည့်အတိုင်း ဈေးနှုန်းတိုးမြှင့်ပေးရမည်ဖြစ်ကြောင်းဖြင့် Mr. Wattanasak က ပြောကြားခဲ့ပါသည်။
အဆိုပါသတ်မှတ်ထားသည့် ဈေးနှုန်းအောက် လျှော့ချဝယ်ယူသည့် မည်သူမဆို အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ် သို့မဟုတ် အမြင့်ဆုံးဒဏ်ငွေ ဘတ် ၁၅၀,၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရနိုင်သည်ဟု ၎င်းအမိန့်စာတွင် ဖော်ပြထားကြောင်း၊ ထို့အပြင် ဆီကြိတ်ခွဲထုတ်လုပ်သည့် စက်ရုံလုပ်ငန်းရှင်များသည် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဦးစီးဌာနသို့ နေ့စဉ်အစီရင်ခံ တင်ပြရန်လိုအပ်ကြောင်း၊ ယင်းသို့အစီရင်ခံတင်ပြရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဆီအုန်းသီး ဝယ်ယူမှုပမာဏ၊ ဝယ်ယူသည့်ဈေးနှုန်းနှင့် ကြိတ်ခွဲထုတ်လုပ်သည့် ဆီပမာဏတို့ကို ဖော်ပြရမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: The Nation Thailand, 29 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)