Main menu

PPP သတ်မှတ်ချက်အရ ရုရှားသည်ဂျပန်နိုင်ငံကို ကျော်ကာကမ္ဘာ့စတုတ္တအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာ

Powered by Drupal

    ရုရှားနိုင်ငံသည် PPP (Purchasing Power Parity) သတ်မှတ်ချက်အရ ဂျပန်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့စတုတ္တအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာကြောင်း ဇွန်လအစတွင်ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်မှပြန်လည်ပြင်ဆင်ထားသော အချက်အလက်များအရ သိရသည်။

    ၂၀၂၃ ခုနှစ်သြဂုတ်လတွင် bne Intellinews ၌ ဖော်ပြခဲ့သည့်အတိုင်း ရုရှားသည် ပြုပြင်ပြောင်းလဲထားသောစည်းမျဥ်းများဖြင့် ပဥ္စမမြောက်အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာရန် ဂျာမနီကို ကျော်တက်သွားခဲ့ပြီဖြစ်သည်။ မကြာသေးမီကာလက ဖြစ်ပေါ်ခဲ့သော စီးပွားရေး ပြသာနာအချို့နှင့် ရုရှားနိုင်ငံမှစျေးပေါသော ဓာတ်‌ငွေ့တင်သွင်းမှုအား ဖြတ်တောက်ခြင်းခံခဲ့ ရသောဂျာမနီနိုင်ငံသည် ယခုအခါတွင် အဆင့်ခြောက်နေရာသို့ ကျဆင်းသွားခဲ့သည်။

    ကမ္ဘာ့ဘဏ်သည် ၎င်း၏အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် ရုရှား၏ အဆင့်ကို မြှင့်တင်ခဲ့ပြီး ရုရှားသည် ၂၀၂၁ ခုနှစ်တွင်ဂျပန်နိုင်ငံကို အမှန်တကယ် ကျော်တက်ကာ ထိုအချိန်မှစ၍ ၎င်း၏ နံပါတ် ၄ နေရာကို ဆက်လက်ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ယခင် တွက်ချက်မှုများကို ၂၀၁၇ ‌ဒေတာပေါ်တွင် အခြေခံထားသော်လည်း ယခု ၂၀၂၁ ကိန်းဂဏန်းများကို ထင်ဟပ်စေရန်မွမ်းမံထားခြင်းဖြစ်ကြောင်း သိရသည်။

     ယူကရိန်းစစ်ပွဲမစတင်မီတွင် ရုရှား၏ စီးပွားရေးတိုးတက်မှုသည် ပျမ်းမျှနှုန်းထက် နောက်ကျနေပြီးတုံ့ဆိုင်းလုနီးပါးရှိနေပြီဖြစ်သည်။ သို့သော်လည်း ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံ ကိုကျူးကျော်ဝင်ရောက်ပြီးနောက် စီးပွားရေးသည် Keynesianism စစ်ရေးမူဝါဒ (Keynesianism စစ်ရေးမူဝါဒသည် စီးပွားရေးတိုးတက်မှုကိုမြင့်တင်ရန်အတွက် အစိုးရ၏စစ်ရေး အသုံးစရိတ်ကို မြှင့်တင်သင့်သည့်အနေအထားပေါ်အခြေခံသည့် စီးပွားရေးမူဝါဒဖြစ်သည်။) ကို အသုံးပြု၍လက် ရှိတွင် ကမ္ဘာပေါ်ရှိ မည်သည့်အဓိကစီးပွားရေးတွင်မဆို အလျှင်မြန်ဆုံးကြီးထွားလာနေသည်။

       Bne Intellinews တွင်အကျယ်တဝင့်ဖော်ပြခဲ့သည့်အတိုင်း ရုရှားသည် ၎င်း၏ စီးပွားရေးပုံစံကို ပြောင်းလဲခဲ့ပြီး ဆယ်စုနှစ်များစွာကြာခြိုးခြံခြွေတာမှု ပြုလုပ်ပြီးနောက်ပိုင်းတွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံရန်စတင်ခဲ့ပြီး စီးပွားရေးတိုးတက်မှုကို တွန်းအားပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် စစ်ဘက်ဆိုင်ရာစက်မှုဇုန်များအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာခြင်းနှင့် ပူတင်သည် အရပ်ဘက်စီးပွား‌ရေးတွင် ရင်းနှီးမြှုပ်နှံရန် National project 2.1 ကိုလည်းစတင်ခဲ့ပြီး ရုရှားနိုင်ငံသားများ၏ လူနေမှုဘဝမြှင့်တင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     PPP သတ်မှတ်ချက်များအရ လက်ရှိတွင် တရုတ်နိုင်ငံသည် နံပါတ် ၁ နေရာတွင်ရပ်တည်နေပြီး အမေရိကန်နိုင်ငံက နံပါတ် ၂ နေရာနှင့် အိန္ဒိယနိုင်ငံက နံပါတ် ၃ နေရာတွင်ရပ်တည်လျက်ရှိသည်။

Source : BneIntelliNews    

DOCA(ရန်ကုန်)