စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့် ဝန်ထမ်းများ သည် ၂၆-၂-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူများ အခွင့်အရေးအပြည့်အဝရရှိစေရန်အတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ဆန်စက်လုပ်ငန်းရှင် (၁၁) ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိတို့ဌာနမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေတွင် ပြဌာန်းထားပြီး ယခုအခါ အာဏာအသက်ဝင်နေပြီဖြစ်ကြောင်း၊ ကုန်စည်များတွင် ဖော်ပြရမည့်အသေးစိတ်အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်အနေဖြင့် မိမိတို့၏ထုတ်ကုန် ဆန်အိတ်များပေါ်တွင် အမျိုးအမည်၊ အရေအတွက်၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ အမျိုးအမည်ဆိုသောနေရာတွင် ဆန်၊ ဆန်ကွဲ စသည်ဖြင့်ခွဲခြားဖော်ပြရမည်ဖြစ်ကြောင်း၊ ဆန်ဆိုသည်မှာလည်း ပေါ်ဆန်း၊ ဇီယာ၊ ဧည့်မထ စသည်ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ အရေအတွက်၊ အသားတင်အလေးချိန်ဆိုရာ၌ မြန်မာလူမျိုးများ အသုံးများသည့် ပြည်၊ တင်း စသည်တို့ဖြစ်ကြောင်း၊ သို့သော် အလေးချိန် သတ်မှတ်ချက်ယူနစ် ပေါင် ကိုလည်း ထည့်သွင်းဖော်ပြနိုင်ကြောင်း၊ ထားသိုသိမ်းဆည်းပုံအညွှန်းမှာ ခြောက်သွေ့သော နေရာတွင်ထားပါ။ ရေမစိုစေပါနှင့် စသည့် မိမိတို့ ထုတ်ကုန်နှင့်ကိုက်ညီသည့် အချက်အလက်များဖြစ်စေရန် ထည့်သွင်းစေလိုပါကြောင်း၊ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းပြီး ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းပြခဲ့၍ နေ့လည် ၁၂:၀၀ နာရီ အချိန်တွင် တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။
DOCA(ကရင်)