Main menu

မိုးဦးကာလတွင်ထွက်ရှိသည့် အင်ဥဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၏ ဟင်းသီးဟင်းရွက်သစ်သီးဝလံဈေးကွက်တွင် မိုးဦးကျကာလ မေလ၊ ဇွန်လတို့၌သာတွေ့ရှိရသော ရာသီစာတစ်မျိုးဖြစ်သည့်အင်ဥများ ရောင်းချလာကြောင်း တွေ့ရှိရပါသည်။ မကွေးတိုင်းဒေသကြီးတွင် မင်းတုန်း၊ ငဖဲ၊ ပဒါန်းအနီးပတ်ဝန်းကျင်ရှိရွာများ၌ အလေ့ကျပေါက်ရောက်လေ့ရှိကာ တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်တည်းသာတွေ့ရှိရပြီး ယေဘုယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်းသိရပါသည်။ အင်ဥများကို ခြောက်သွေ့သောနေရာတွင်ထားပါက ၃ရက်နီးပါးအထားခံကြောင်းသိရှိရပါသည်။ အင်ဥကို ဒညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊  မျှစ်ချဉ်၊  ပုစွန်ချဉ်၊ ငါးဖယ်ချဉ်၊ ငါးလေးချဉ်၊ ဆူးပုပ်၊ ပဲငါးပိ စသည့်အစားအစာများနှင့်တွဲဖက်မစားသင့်ပါ။ ထို့ပြင် ခါးကိုက်၊ ခါးနာသူများ၊ အစာအဆိပ်သင့်တတ်သူများ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါရှိသူများလည်းစားသုံးရန်မသင့်ကြောင်း လေ့လာသိရှိရသည်။                    

      ဟင်းသီးဟင်းရွက်များစွာထွက်ရှိချိန် မိုးဦးကာလတွင်သာထွက်ပေါ်တတ်သည့် အင်ဥများအား ကြိုက်နှစ်သက်သူများအနေဖြင့် ဈေးကွက်သို့စတင်ဝင်ရောက်ချိန်တွင်ပင် ဈေးကောင်းပေး၍ ဝယ်ယူစားသုံးလျက်ရှိကြသည်။ အင်ဥများမှာ မင်းတုန်း၊ ငဖဲ၊ ပဒါန်းမြို့များမှ မကွေးဈေးကွက်သို့ဝင်ရောက်လျက်ရှိပြီး မကွေးမြို့ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေးတို့တွင် ရောင်းချလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် အင်ဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၈၀၀၀-၁၅၀၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)