Main menu

ရွာခိုင်ကျေးရွာ၏ ဆာဖိုးသာစပါးစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင်ဖြူမြို့နယ်၊ မုန်းချောင်းတောင်ဘက်တွင် ဆီထွက်သီးနှံ နွေနှမ်းများစိုက်ပျိုးကြပြီး မုန်းချောင်းမြောက်ဘက်တွင် နွေစပါးများကိုစိုက်ပျိုးကြပါသည်။ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာတွင် နွေစပါးမျိုးဖြစ်သည့် မနောသုခ၊ ဆင်းရတနာတိုး၊ ဆင်းသွယ်လတ်စပါးများကို အများအပြားစိုက်ပျိုးကြသော်လည်း ဆာဖိုးသာစပါးသည် မြန်မာနိုင်ငံ၏ နွေရာသီဥတုနှင့်အကိုက်ညီဆုံးသော စပါးမျိုးဖြစ်သည့်အတွက် ပွင့်ဖြူမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ရွာခိုင်ကျေးရွာ၌ ဧက(၁၀၀) စီမံကိန်းချ၍ စမ်းသပ်စိုက်ပျိုးလျက်ကြောင်းသိရပါသည်။

       ဆာဖိုးသာစပါးကို ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)အတွင်းစိုက်ပျိုးပြီး ဇွန်လ(စတုတ္ထပတ်)တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ (၁)ဧကလျှင် ၂၅ ကီလိုဂရမ်တစ်အိတ်၊ ဧက(၅၀)အတွက် ၁၂၅၀ကီလိုဂရမ်အိတ်(၅၀)ကိုစမ်းသပ်စိုက်ပျိုးရန် အခမဲ့ထုတ်ပေးပါကြောင်း၊ ကျန်(၅၀)ဧကအတွက် တစ်ဧကလျှင် မြေဩဇာ ယူတီးယားတစ်အိတ်လျှင် ကျပ်(၃၈၀၀၀)၊ (၂)အိတ်ကို ကျပ်(၇၆၀၀၀)ဖြင့် ထုတ်ယူခွင့်ပြုထားပါကြောင်း၊ ဆာဖိုးသာစပါးစိုက်ပျိုးရာတွင် စပါးပင်၏သက်တမ်းမှာ (၁၁၅)ရက်မှ (၁၂၀)ရက်အထိသာရှိသောကြောင့် အခြားစပါးမျိုးများနှင့် (၁၅)ရက်ခန့်ကွာခြားခြင်းကြောင့် မိုးစပါးပြန်လည်စိုက်ပျိုးရာတွင် ပိုမိုအဆင်ပြေ ကြောင်း၊ ကုန်ကျစရိတ်မှာ မျိုးဝယ်ယူစိုက်ပျိုးရခြင်းမရှိသည့်အတွက် ကျပ်(၁၂)သိန်းမှ ကျပ်(၁၃)သိန်းကြားသာရှိကြောင်း၊ မျိုးစပါးမရရှိသောဧကများမှာလည်း ယူတီးယားမြေဩဇာကို ဈေးနှုန်းချိုသာစွာထုတ်ယူရ ရှိသောကြောင့် ကုန်ကျစရိတ်မှာ အခြားမျိုးများကဲ့သို့ ကုန်ကျခြင်းမရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် တင်း(၁၀၀-၁၂၀)ထိထွက်ရှိနိုင်ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တင်း(၁၀၀)ကို ကျပ်(၁၈)သိန်းမှ ကျပ်သိန်း(၂၀) ထိရရှိနိုင်ကြောင်း၊ မျိုးစေ့ထုတ်ပေးသော ဧက(၅၀)မှထွက်ရှိသည့်စပါးများကို ဖူးပွင့်သမကုမ္ပဏီမှ အားလုံးပြန်လည်ဝယ်ယူမည်ဖြစ်ကြောင်း၊ ကျန်ဧက(၅၀)မှ ထွက်ရှိသောစပါးများကို ၂၀၂၅ခုနှစ် နွေစပါးစိုက်ပျိုးရန် လျာထားချက်ရှိသောဒေသများရှိ တောင်သူဦးကြီးများက ကြိုတင်မှာယူနေကြောင်းနှင့် ဆန်နှင့်ပြုလုပ်သော မုန့်များပြုလုပ်ပါက မုန့်များပိုမိုထွက်ရှိပြီး စားကောင်း၍ မုန့်လုပ်ငန်းရှင်များအနေဖြင့် ဆာဖိုးသာဆန်များမှာယူကြောင်း စပါးစိုက်တောင်သူတစ်ဦးထံမှသိရပါသည်။

DOCA(မကွေး)