Main menu

ဆိပ်ဖြူမြို့နယ်၏ ဆီထွက်သီးနှံ မိုးမြေပဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေပြု၍ ဒေသစီးပွားဖြစ်လုပ်ကိုင်နေထိုင်ကြသည်။ စိုက်ပျိုးရေးဒေသအနေဖြင့် ကြက်သွန်နီ၊ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ကုန်စိမ်းသီးနှံများကို နှစ်စဉ်မပြတ် စီးပွားဖြစ်စိုက်ပျိုး လျက်ရှိသည်။ စားသုံးသူများအနေဖြင့် အဓိကစားသုံးမှုများလျက်ရှိသော ဆီထွက်သီးနှံ မြေပဲကို တစ်နှစ်လျှင် မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံ မြေပဲကို လုံးဆန်ကြီးအနီ(၆)လပဲ ပင်ပြန့်မြေပဲမျိုးနှင့် လုံးဆန်သေး(ဖြူ) S1 (၃)လပဲပင်ပြန့်မျိုးကိုစိုက်ပျိုးကြောင်း၊ (၆)လပဲမှာ သက်တမ်းရှည်၍ သီးထပ်စိုက်ပျိုးကြခြင်းမရှိကြောင်း၊ (၃)လမြေပဲမှာ ရာသီဥတုပေါ်မူတည်ပြီး သီးထပ်သီးနှံအဖြစ် ပြန်လည်စိုက်ပျိုးကြကြောင်း၊ (၆)လမြေပဲကို မိုးဦးကာလဖြစ်သော ဇွန်လတွင် စိုက်ပျိုးပြီး (၃) လမြေပဲကိုမူ ဇူလိုင်လတွင် စိုက်ပျိုးပြီး နှစ်စဉ်စိုက်ဧက(၃၀၀၀)ကျော်ခန့်စိုက်ပျိုးကြောင်းသိရှိရသည်။

       စိုက်ပျိုးမှုအနေဖြင့် ဆိပ်ဖြူမြို့နယ်၊ ကုန်းတွင်းပိုင်းဒေသများဖြစ်သည့် တပေါင်း၊ ကူရှည်၊ ရွာမအလယ်စု၊ ဖက္ကနား၊ ထန်းစွန်၊ မြေပု၊ နုံးပုံ၊ သံပုရာပင်၊ ဇီးပင်ကြီးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း၊ ဇွန်လပိုင်းတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် တူးဖော်ရိတ်သိမ်းကြောင်း၊ မြေပဲခင်းကြားတွင် သီးညှပ်သီးနှံအဖြစ် ပဲစင်းငုံသက်ကြီးမျိုးကိုစိုက်ပျိုးကြောင်း၊ (၆)လပင်ပြန့်မြေပဲမှာ မိုးခေါင်ခံ၍ ပင်မာမျိုးဖြစ်ပြီး အထွက်နှုန်းလည်းကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးတောင်သူများပြားကြောင်းသိရှိရပါသည်။

   စိုက်ပျိုးထွက်ရှိမှုအနေဖြင့် ယခင်နှစ် (၆)ပင်ပြန့်မြေပဲစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့ (၂၄)ပြည်ခန့်ကုန်ကျပြီး တစ်ပြည်လျှင် ကျပ်(၇၀၀၀)ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ အထွက်နှုန်းအနေဖြင့် မျိုးစေ့တစ်ပြည်စိုက်ပျိုးလျှင် မြေပဲတောင့်(၁၀)တင်းခန့်ထွက်ရှိပြီး တစ်ဧကလျှင် တင်း(၂၀၀)ကျော်ခန့်ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကျပ်(၇)သိန်းခန့်ကုန်ကျပြီး ဈေးနှုန်းဈေးကွက်အနေဖြင့် မြေပဲလုံးဆန် (နီ) တစ်ပြည်လျှင် ကျပ်(၆၅၀၀- ၇၀၀၀)ဖြင့်ရောင်းချရ၍ တောင်သူများ အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း၊ ယခုနှစ် မြေပဲစိုက်ပျိုးချိန်တွင်လည်း မြေပဲဈေးကွက်ကျဆင်းခြင်းမရှိဘဲ ခိုင်မာနေခြင်းကြောင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ် မိုးမြေပဲတစ်ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်(၈)သိန်းခန့်ကုန်ကျမည်ဟုခန့်မှန်းကြောင်း ဒေသခံတောင်သူထံမှသိရှိရသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုဒေသတွင်းဈေးကွက်တွင် မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ်(၃၂၀၀) သစသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယနေ့ခေတ်တွင် ပြည်တွင်း၌စိုက်ပျိုးသည့် ဆီထွက်သီးနှံ မြေထောက်ပဲကို လုပ်ငန်းရှင်များက မြေပဲဆီနှင့် စားသောက်ကုန်မျိုးစုံထုတ်လုပ်လျက်ရှိခြင်းကြောင့် ပြည်တွင်းစားသုံးမှုမြင့်တက်လာပြီး ပြည်ပနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနိုင်ငံများသို့လည်း မြေပဲဆန်များကို ပို့ကုန်အဖြစ် တင်ပို့လျက်ရှိ၍ ရောင်းလိုအား၊ ဝယ်လိုအားကောင်းခြင်းကြောင့် မြေပဲဈေးကွက်ခိုင်မာမှုရှိ၍ စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာရရှိသည့်အတွက်  မြေပဲစိုက်ပျိုးနိုင်သည့် မြေအမျိုးအစားများတွင် နှစ်စဉ်မပြတ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)