![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/103_32.jpg?itok=9oMsOWI_)
ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးသီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ မျိုးအနေဖြင့် ခရမ်းသီးအလုံးသေး (မြုပ်ခရမ်း)နှင့် အလုံးကြီးမျိုး (555) မျိုးများကို အဓိကစိုက်ပျိုးကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊ (၂)လခွဲ၊ (၃)လအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုလာကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် တစ်ပတ်လျှင် အလုံးသေး (မြုပ်ခရမ်း)မှာ ပိဿာ(၃၀၀-၄၀၀)ခန့်ထွက်ရှိပြီး အလုံးကြီးမျိုး (555) မှာ ပိဿာ(၅၀၀-၆၀၀)ခန့်အထိထွက်ရှိကြောင်း၊သက်တမ်းအနေဖြင့် (၄-၅)လအထိခူးဆွတ်နိုင်ကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၈၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊စျေးနှုန်းအနေဖြင့် ခရမ်းသီးအလုံးသေး(မြုပ်ခရမ်း) တစ်ပိဿာလျှင် (၁၅၀၀/-)ကျပ်၊ အလုံးကြီးမျိုး (555) တစ်ပိဿာလျှင် (၈၀၀/-)ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်းမတူညီကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀/-)ကျပ်ခန့်ရရှိသောကြောင့် ယခုနှစ်ခရမ်းစိုက်တောင်သူများစျေးကောင်းရရှိပြီး တွက်ချေကိုက်ကြောင်း ခရမ်းစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)