Main menu

ဖိလစ်ပိုင်နိုင်ငံ၌ အယ်လ်နီညိုကြောင့် လယ်ယာကဏ္ဍထိခိုက်ဆုံးရှုံးမှု ပီဆို ၉.၈၉ ဘီလီယံအထိ ရောက်ရှိ

Powered by Drupal

    ဖိလစ်ပိုင်နိုင်ငံတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂ဝ၂၄ ခုနှစ် ဇွန်လအတွင်း  အားလျော့လာခဲ့သော်လည်း ပူပြင်းခြောက်သွေ့သော အခြေအနေများကြောင့် ဆန်၊ ပြောင်းနှင့် အခြားတန်ဖိုးမြင့်မားသည့် သီးနှံများကဲ့သို့သော စားသောက်ကုန်စည်များအပေါ် အကျိုးသက်ရောက်မှု များ ကျန်ရှိနေသေးကြောင်းနှင့် ဇွန်လ ၆ ရက်နေ့အထိ လယ်ယာစိုက်ပျိုးမှုဧရိယာ ၁၇ဝ၄၆၉ ဟက်တာကို ထိခိုက်ခဲ့ပြီး ပီဆိုငွေ ၉.၈၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၆၈.၇၁ သန်းခန့်) ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းဖြင့် သဘာဝဘေးအန္တရာယ်လျော့နည်းရေးနှင့် စီမံခန့်ခွဲမှုဌာနမှတစ်ဆင့် ဖိလစ်ပိုင်လယ်ယာစိုက်ပျိုးရေးဦးစီးဌာနက အစီရင်ခံတင်ပြခဲ့ပါသည်။

   အယ်လ်နီညိုသက်ရောက်မှုခံရသော လယ်ယာထွက်ကုန်သီးနှံများအနက် ဆန်စပါးကဏ္ဍ မှာ ထိခိုက်မှုအများဆုံးဖြစ်ပြီး ဆုံးရှုံးမှု ၄၈% နှင့် တန်ဖိုးအားဖြင့် ပီဆို ၄.၇၅ ဘီလီယံ၊ ပြောင်းမှာ ဆုံးရှုံးမှု ဒုတိယအများဆုံးဖြစ်ကာ ၃၄% နှင့် တန်ဖိုးအားဖြင့် ပီဆို ၃.၃၇ ဘီလီယံနှင့် တန်ဖိုးမြင့် သီးနှံများမှာ ၁၇% နှင့် တန်ဖိုးအားဖြင့် ပီဆို ၁.၇ ဘီလီယံ  ရှိခဲ့ကြောင်း သိရှိရပါသည်။ ငါးလုပ်ငန်း ကဏ္ဍတွင် ပျက်စီးဆုံးရှုံးမှုမှာ ပီဆို ၅၇.၇ သန်းရှိခဲ့ပြီး တီလားပီးယား၊ ငါးကြင်း၊ ဘန်းဂက်စ်၊ ငါးခူ၊ ပုစွန်ဆိတ်၊ ပင်လယ်ရေမှော်နှင့် ပင်လယ်အာချင် (sea urchins) ထုတ်လုပ်မှုလုပ်ငန်းများ ပါဝင်ပါသည်။

တိရစ္ဆာန်မွေးမြူရေးနှင့် ကြက်ဘဲမွေးမြူရေးကဏ္ဍတို့တွင် ဆုံးရှုံးမှုမှာ ပီဆို ၁ဝ.၄၇ သန်း ရှိခဲ့ကြောင်းနှင့် လယ်သမားနှင့် ရေလုပ်ငန်းလုပ်ကိုင်သူဦးရေ ၂ဝဝဝဝဝ ခန့်မှာ အယ်လ်နီညိုကြောင့် ဆိုးရွားသောထိခိုက်မှုများဖြစ်ခဲ့ပြီး စုစုပေါင်း လယ်ယာကဏ္ဍဆုံးရှုံးမှုမှာ ပမာဏအားဖြင့် ၄၄၁၈ဝ၁ မက်ထရစ်တန်ရှိခဲ့ကြောင်း သိရှိရပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပူပြင်းသော ရာသီဥတုကြောင့် ထိခိုက်ခဲ့သော လယ်ယာမြေ ၁၂၁၃၆၇ ဟက်တာ၏ ၇၁% ခန့်မှာ ပြန်လည်ဆယ်တင် ရရှိနိုင်မည့် အခွင့်အရေးရှိပါသည်။

   ဖိလစ်ပိုင်အစိုးရသည် နိုင်ငံတစ်ဝန်းရှိ တောင်သူများနှင့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများသို့ ပီဆို ၈.၅၉ ဘီလီယံရှိသော ငွေသားထောက်ပံ့ခြင်း၊ ပီဆို ၆၅၉.၁၇ သန်း တန်ဖိုးရှိသည့် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ခြင်း၊ အယ်လ်နီညိုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် တောင်သူ ၂ဝ၃၇၂ ဦးအတွက် သီးနှံအာမခံကြေး ပီဆို ၁၇၇.၁၂ သန်း ပေးအပ် ခြင်း၊ ပီဆို ၈ သန်း တန်ဖိုးရှိသည့် ဆန်စက်ပစ္စည်းနှင့် စက်ကိရိယာများထောက်ပံ့ခြင်း၊  ပြန်လည် ထူထောင်ရေးချေးငွေ ပီဆို ၉၉.၃၈ သန်းပေးအပ်ခြင်း၊ ပီဆို ၅.၁၉ သန်း တန်ဖိုးရှိသောအုန်းသီး မျိုးစေ့များကို ဖြန့်ဝေခြင်း၊ ပီဆို ၃၅၉ သန်း တန်ဖိုးရှိသည့် ဆည်မြောင်းစီမံကိန်းများကို အကောင်အထည်ဖော်ခြင်း၊  ငါးဖမ်းသမားများနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများသို့ ပီဆို ၈.၉၉ သန်း တန်ဖိုးရှိသည့် စက်ပစ္စည်းများနှင့် စက်ကိရိယာများ ထောက်ပံ့ခြင်း၊ Magat ဆည်သို့ ရေစုဆောင်းနိုင်ရေး မိုးရွာသွန်းမှုအတုဖန်တီးခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း The Philippine Star သတင်းဌာနက ဖော်ပြထားပါသည်။

Source: The Philippine Star, 11 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)