ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်စေရေးအတွက် အသေးစားအလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကဏ္ဍတစ်ခုအဖြစ် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ ဒေသတွင်းစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်းများထုတ်လုပ်မှု အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချော၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့်စပ်လျဉ်း၍ မိတ္ထီလာမြို့၊ စက်မှုဇုန်ရှိ စိန်ရွှေမိုးဆီးခွဲစက်ရုံ၊ ဂွမ်းဖွစက်၊ စက်ရက္ကန်းလုပ်ငန်းများအား (၇-၆-၂၀၂၄) ရက်နေ့၌ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုဇုန်တာဝန်ရှိသူများနှင့် ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စိန်ရွှေမိုးဆီးခွဲစက်ရုံမှ တစ်လလျှင် ဇီးစံပိဿာ (၃၀၀၀) ထိထုတ်လုပ်နိုင်ပြီး၊ ကုန်ကြမ်းကို မိတ္ထီလာခရိုင်အတွင်းကျေးရွာများမှဝယ်ယူပြီး ထွက်ရှိလာသောကုန်ချောကို မန္တလေးမြို့သို့ အဓိကတင်ပို့ကြောင်း၊ မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ ကုန်ကြမ်းဆီးသီးတစ်တင်းလျှင် (၁၃၀၀၀) ကျပ်ဖြင့်ဝယ်ယူရပြီး၊ ကုန်ချောဆီးဆံတစ်ပိဿာလျှင် (၅၀၀၀၀) ကျပ်ဈေးနှုန်းရှိပြီး လုပ်ငန်းများပုံမှန်လည်ပတ်ထုတ်လုပ်လျက်ရှိကြောင်း၊ ဦးကျော်စိုး စက်ရက္ကန်းစက်ရုံမှာ တစ်လလျှင် အင်္ကျီစကိုက် (၄၅၀၀) ကိုက်နှင့် ပုဆိုး (၃၀၀၀) ကွင်း ထုတ်လုပ်နိုင်ကြောင်း၊ ကုန်ကြမ်းချည်ကို မန္တလေးနှင့်ဝမ်းတွင်းမြို့များမှ ဝယ်ယူရကြောင်း၊ ထွက်ရှိသောကုန်ချောများကို ဒေသတွင်းနှင့် မန္တလေးသို့ တင်ပို့ရောင်းချကြောင်း၊ ကုန်ကြမ်းချည်တစ်ထုပ်လျှင် (၈၂၀၀၀) ကျပ်ဖြင့်ဝယ်ယူရပြီး ကုန်ချောအင်္ကျီစတစ်ကိုက်လျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ ပုဆိုးတစ်ကွင်းလျှင် (၆၅၀၀-၇၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ ထုတ်လုပ်လျက်ရှိကြောင်းသိရှိရပါသည်။
သရဖူဂွမ်းပွလုပ်ငန်းအနေဖြင့် တစ်လလျှင် ကုန်ချော(၁၅၃၀၀) ခန့်ထုတ်လုပ်နိုင်ပြီး၊ လိုအပ်သောကုန်ကြမ်းများကို မိတ္ထီလာမြို့၊ သဖန်းနှင့်ရန်ကုန်မြို့မှဝယ်ယူပြီး ထွက်ရှိသောကုန်ချောများကို ဒေသတွင်း၊ တောင်ကြီး၊ ကလော၊ အောင်ပန်းမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကုန်ကြမ်းတစ်ပိဿာလျှင် (၁၀၀) ကျပ်ရှိပြီး၊ ကုန်ချောအနေဖြင့် ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ရာများပြုလုပ်ပြီး ခေါင်းအုံးတစ်လုံးလျှင် (၂၅၀၀) ကျပ်၊ ဖက်လုံးတစ်လုံးလျှင် (၃၀၀၀) ကျပ်၊ မွေ့ရာတစ်ချပ်လျှင် (၄၀၀၀၀-၅၀၀၀၀) ကျပ်ဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထုတ်လုပ်မှုများရာသီချိန်တွင် ပိုမိုထုတ်လုပ်ရကြောင်း၊ စက်မှုလုပ်ငန်းများအနေဖြင့် ကုန်ကြမ်းပြတ်လပ်မှုမရှိဘဲ ထုတ်လုပ်မှုလုပ်ငန်းများလည်း ဈေးကွက်အခြေအနေပေါ်မူတည်၍ လည်ပတ်လျက်ရှိကြောင်း၊ ပြည်ပမှ သွင်းကုန်အစားထိုးလုပ်ငန်းများနှင့် ပြည်ပဝင်ငွေရှာဖွေပေးသော လုပ်ငန်းများဖြစ်၍ တွန်းအားပေးဆောင်ရွက်သင့်သော လုပ်ငန်းများဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)