Main menu

ဗီယက်နမ်နိုင်ငံ၏ ပြည်ပသို့တင်ပို့မှု ၂၀၂၄ ခုနှစ်တွင် ပြန်လည်နာလန်ထူလာသော်လည်း စိန်ခေါ်မှုများရှိနေသေး

Powered by Drupal

      ၂၀၂၄ ခုနှစ်၏ ပထမ(၅)လတာကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်ပမှအဓိကဈေးကွက်များသို့ တင်ပို့မှုမှာ လွန်ခဲ့သည့်နှစ် ပထမ(၅)လတာကာလထက် ၁၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ဖက်ရှင်အသုံးအဆောင်၊ ပရိဘောဂပစ္စည်းနှင့် အိမ်သုံးပစ္စည်းများတင်ပို့မှုမှာ နာလန်ထူလာမှုကို ဦးဆောင်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန လက်‌အောက်ရှိ ဥရောပ-အမေရိကန်ဈေးကွက်ဦးစီးဌာန၏ ညွှန်ကြားရေးမှူး Ta Hoang Linh က ယခုနှစ်၏အစကပင် ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၂.၈ ရာခိုင်နှုန်း၊ ခြေအိတ်နှင့်လက်ကိုင်အိတ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံဖြင့် ၇.၃ ရာခိုင်နှုန်း၊ သစ်/ပရိဘောဂနှင့်အိမ်သုံးပစ္စည်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံဖြင့် ၂၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း ပြောကြားခဲ့ပါသည်။

       ဗီယက်နမ်နိုင်ငံ လက်မှုပညာနှင့်ပရိဘောဂနယ်ပယ်အသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ  Daung Thi  Minh Tue က အမေရိကန်နိုင်ငံအနေဖြင့် ပြည်တွင်းမှတင်သွင်းလိုအားနှင့် စားသုံးသူ များ၏ ဝယ်လိုအားကို လှုံ့ဆော်ရန်အတွက် အတိုးနှုန်းများကို ဖြတ်တောက်သင့်ကြောင်း၊ ဥရောပ ဈေးကွက်မှာလည်း စီးပွားပျက်ကပ်ကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်သောကြောင့် ဝယ်လိုအား တစ်ဖန် ပြန်လည်မြင့်တက်လာနိုင်မည်ဖြစ်ကြောင်းနှင့် များစွာသော ဗီယက်နမ် ပရိဘောဂ လုပ်ငန်းများ မှာလည်း ၂၀၂၄ ခုနှစ်ထိ မှာယူမှုများ ရရှိထားကြောင်း ပြောကြားခဲ့ပါသည်။ အထည် အလိပ်ကဏ္ဍ တွင်လည်း ဗီယက်နမ်နိုင်ငံ အထည်အလိပ်နှင့်အဝတ်အစားအသင်း ဒုတိယဥက္ကဌ Tran Nhu Tung က ၂၀၂၄ ခုနှစ််အတွက် အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

      ၂၀၂၄ ခုနှစ်၏ ပထမ(၅)လတာကာလတွင် အထည်အလိပ်နှင့် အဝတ်အထည်လုပ်ငန်း များ၏ မှာယူမှုများမှာ တိုးတက်လျက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ ဖက်ရှင်ထုတ်ကုန်များမှာ ထုတ်ကုန်အရည်အသွေး၊ စည်းစနစ်ရှိသည့် လုပ်သားထုရရှိနိုင်စွမ်းနှင့် ပတ်ဝန်းကျင်လိုအပ်ချက်များကြောင့် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ် ဖက်ရှင်ထုတ်ကုန်များမှာ ဒေသတွင်းလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် အားသာချက်များ ရရှိထားကြောင်း သိရပါသည်။

     သို့သော် အဓိကတင်ပို့မှုဈေးကွက်များဖြစ်သည့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ အရှေ့မြောက် အာရှနိုင်ငံများသည် သဘာဝပတ်ဝန်းကျင်မထိခိုက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုစံနှုန်းကို ထိန်းထားနိုင်ရေးနှင့် ထုတ်လုပ်မှုပုံမှန်လည်ပတ်ရေး စသည်တို့တွင် တင်းကျပ်သော စည်းမျဉ်းသစ်များ ပိုမိုတိုးမြှင့်လာမှုကြောင့် စီးပွားရေးလုပ်ငန်းများစွာတို့မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ တင်ပို့သည့် ထုတ်ကုန်များမှာ ကုန်ပစ္စည်း၏ဇစ်မြစ်၊ လုံခြုံရေးထောက်ခံချက်၊ စီးပွား ‌ရေးအစီရင်ခံခြင်း၊ သစ်တောစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် ဓာတုပစ္စည်းအသုံးပြုမှုတို့တွင် လိုအပ်ချက်များ ပိုမိုမြင့်မားလာမှုတို့ကို ရင်ဆိုင်နိုင်စွမ်းရှိရန် လိုအပ်လာကြောင်း သိရပါသည်။ ထို့ကြောင့် ဈေးကွက်လိုအပ်ချက်များကို ရင်ဆိုင်ရန် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ခေတ်မီသည့် ထုတ်လုပ်ရေးပုံသဏ္ဍာန်နှင့် ပုံမှန်လည်ပတ်သည့် စီးပွား‌ရေးမော်ဒယ်တို့ကို ကျင့်သုံးရန်လိုအပ်ကြောင်း သိရပါသည်။ ထို့ပြင် တဖြည်းဖြည်းမြင့်တက်လာသော တင်းကြပ်သည့်လိုအပ်ချက်များ ကို ရင်ဆိုင်ရန် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်မထိခိုက်သည့် ထုတ်လုပ်မှုပုံစံပြောင်းလဲရန်၊ ကတိကဝတ်ပြုရန်နှင့် သန့်ရှင်းသောစွမ်းအင်ကိုအသုံးပြုရန် လိုအပ်ကြောင်း သိရှိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)