ကုန်ကြမ်းပစ္စည်းတစ်ခုကို ဈေးကွက်တွင် ပို၍တန်ဖိုးမြင့်တက်လာစေရန် သို့မဟုတ် မူလ ကုန်ကြမ်းထက်ပို၍ ထားသိုနိုင်သည့် သက်တမ်း (Shelf-life) ရှည်စေရန် ရည်ရွယ်ပြီး နည်းပညာ သုံးကာ တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခု (Value Added Product) ထုတ်လုပ်နိုင်သည်ဟုဆိုလျှင် ဖွဲနုဆီသည် ကျန်းမာရေးကို အထောက်အကူပြုသော တန်ဖိုးမြှင့် ထုတ်ကုန်တစ်ခုဖြစ်ပေသည်။
ဖွဲနုဆိုသည်မှာ စပါးခွံနှင့် ဆန်သားအကြားရှိ အလွှာတစ်ခုဖြစ်ရာ စပါးမှ ဆန်သား ဖြစ်လာ စေရန် ဆောင်ရွက်မှုဖြစ်စဉ်တွင် ၎င်းသည် ဘေးထွက်ပစ္စည်းသာဖြစ်ပါသည်။ စက်ကြိတ်အဆင့် အတန်းနှင့် ဆန်သားအရည်အသွေးပေါ်မူတည်၍ ရိုးရိုးဖွဲနု၊ အထူးဖွဲနုနှင့် ပေါင်းဖွဲနုဟူ၍ သုံးမျိုး ရှိရာ ကော်ဓာတ်များသော အထူးဖွဲနုကို ဖွဲနုဆီထုတ်ယူရာတွင် အသုံးမပြုဘဲ ဆီပါဝင်မှု ရာခိုင်နှုန်း ၁၄ မှ ၁၆ ရှိသော ရိုးရိုးဖွဲနုနှင့် ပေါင်းစပါးများကို အဆင့်မြှင့် ကြိတ်ဖွတ်ရာမှ ထွက်ရှိသည့် ဆီပါဝင်မှု ရာခိုင်နှုန်းမြင့်မားသော ပေါင်းဖွဲနုတို့ကို ဖွဲနုဆီ ထုတ်လုပ်ရာတွင် အဓိက အသုံးပြုကြပါသည်။
ဖွဲနု၏ အရည်အသွေးကောင်းမွန်မှုသည် ဖွဲနုဆီထုတ်ယူရာတွင် အဓိကကျလှပေရာ လတ်ဆတ်ဖွဲနုရရှိစေရန် ဆန်ကြိတ်ပြီး ၂၄ နာရီအတွင်း ဆီစက်သို့သယ်ဆောင်၍ ဆီထုတ် လုပ်ငန်းစဉ် ဆောင်ရွက်ရပါသည်။ စက်မှကျလာစအချိန်၌ ဖွဲနု၏အချဉ်ဓာတ်ကိန်း (Acid Value) သည် ၅ ခန့်သာရှိသော်လည်း တစ်နာရီကြာတိုင်း အချဉ်ဓာတ်ကိန်း ၁ တိုး လေ့ရှိပါသည်။ ဖွဲနုတွင်ပါဝင်သောအစိုဓါတ် (Moisture) သည် ဖွဲနုကို အချဉ်ပေါက်စေသည့်အပြင် ဆီထုတ် လုပ်ငန်းစဉ်ကိုလည်း နှောင့်နှေးစေတတ်သောကြောင့် ဖွဲနု၏ အစိုဓာတ်ကို ၅% အောက်အထိ ဖြစ်လာရန် ပြုပြင်ရပါသည်။
ဆီထွက်သီးနှံများတွင် ဆီပါဝင်မှုရာခိုင်နှုန်း ၂၅ နှင့်အထက် ရှိပါက သဘာဝအတိုင်း ကြိတ်ချေခြင်းဖြင့် ဆီထုတ်ယူနိုင်သော်လည်း ၂၅% အောက် ဖြစ်နေလျှင် ဓာတုဖျော်ရည် (Organic Solvent) ဖြင့်စိမ်၍ ဓာတုဗေဒနည်းဖြင့် ဆီထုတ်ယူရပါသည်။ ဖွဲနုကို ပြုပြင်ပြီး ဓာတုဖျော်ရည်ဖြင့် စိမ်သောအခါ ဆီများသည် ၎င်းဖျော်ရည်တွင် ပျော်ဝင်သွားပါသည်။ အဆိုပါ ပျော်ရည်အရောကို အပူပေးခြင်းဖြင့် ဓာတုဖျော်ရည်အား အငွေ့ပျံစေကာ ဖွဲနု ဆီကြမ်းကို ရရှိပါသည်။ ဖွဲနုမှ ဖွဲနုဆီကြမ်းထုတ်ယူခြင်းကို ဆီကြမ်းထုတ်စက်ရုံအပိုင်းက ဆောင်ရွက်ပြီး ၎င်းအဆင့်တွင် ဆီထုတ်ပြီးဖွဲဖတ် (Oil Extracted Rice Bran, OERB) ကို ဘေးထွက်ပစ္စည်း (By Product) အဖြစ်ရရှိကာ တိရစ္ဆာန်အစာအတွက် ပြည်တွင်း၌ အသုံးပြုရုံမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်ပါသည်။
ဖွဲနုဆီကြမ်းတွင် မလိုလားအပ်သော အရောင်ဆိုး၊ အနံ့ဆိုး၊ အချဉ်ဓာတ်နှင့် အချွဲဓာတ် များပါဝင်နေသောကြောင့် ပြန်လည်သန့်စင်ရန် ဆီချောထုတ်စက်ရုံ (Refinery Plant) သို့ ပေးပို့ရပါသည်။ ထိုစက်ရုံတွင် ဖယောင်းကြမ်းဖယ်၍ အချဉ်ချွတ်ခြင်း၊ အချွဲချွတ်ခြင်း၊ အရောင် ချွတ်ခြင်း၊ အနံ့ချွတ်ခြင်း၊ အအေးခံဖယောင်းချ၍ ဖယောင်းချောဖယ်ခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်ရပါသည်။ ဤကဲ့သို့ ဆီသန့်စင်ခြင်းနည်းစဉ်ပါ အဆင့်များကို ပြည့်စုံအောင် ဆောင်ရွက်ပြီးမှသာလျှင် စားသုံးရန်အဆင့်ဖြစ်သော အရောင်ကြည်လင်သည့် ဖွဲနုဆီ (edible rice bran oil) ကို ရရှိလာပါသည်။
ဖွဲနုဆီကြမ်း၏ အချဉ်ဓာတ်ကိန်း (Acid Value) ၄၀ အထိသာ စားသုံးဆီအဖြစ် ပြန်လည် သန့်စင်သော်လည်း ၎င်းထက် အချဉ်ဓာတ်ပိုမြင့်လာပါက စီးပွားရေးအရ တွက်ချေ ကိုက်ခြင်း မရှိသောကြောင့် စက်မှုလုပ်ငန်းသုံးဆီအဖြစ် ဆပ်ပြာစက်ရုံသို့ ရောင်းချရပါသည်။ ဆီကြမ်း (Crude Oil) မှ ဆီချော (Refined Oil) ထုတ်လုပ်မှုဖြစ်စဉ်တွင် ဖယောင်းကြမ်း၊ ဆပ်ပြာကြမ်း၊ အရောင်ချွတ်ဖတ်နှင့် ဖယောင်းချောတို့ကို ဘေးထွက်ပစ္စည်းများအဖြစ် ပြန်လည်ရရှိရာ ၎င်းတို့ ကို ဆပ်ပြာထုတ်လုပ်သောလုပ်ငန်းနှင့် အလှကုန်ထုတ်လုပ်သောလုပ်ငန်းများတွင် အသုံးပြုနိုင် ပါသည်။
ဖွဲနုဆီ၏ ဓာတုဗေဒဆိုင်ရာ အရည်အသွေး (Chemical Properties) များမှ CODEX STANDARD အရ အိုင်အိုဒင်းတန်ဖိုး (Iodine Value) သည် ၉၀-၁၁၅ ဖြစ်ပြီး ပြည့်ဝအဆီ အက်ဆစ် ၂၀ ရာခိုင်နှုန်းနှင့် မပြည့်ဝအဆီ အက်ဆစ် ၈၀ ရာခိုင်နှုန်းတို့ ပါဝင်ဖွဲ့စည်းထားသော ဆီအရည် (Liquid Oil) အမျိုးအစားဖြစ်ပါသည်။ ဖွဲနုဆီသည် မီးလောင်မှတ် (Smoke Point) မြင့်မားသော ဆီအမျိုးအစားဖြစ်သောကြောင့်လည်း မွှေကြော်(stir-frying) နှင့် နှစ်ကြော်(deep-frying)တို့အတွက် သင့်တော်သော ဟင်းချက်ဆီအမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့် အာရှနိုင်ငံ များဖြစ်ကြသော အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံများတွင် လူသိများ ကျော်ကြားသော စားသုံးဆီလည်း ဖြစ်ပါသည်။
အာဟာရတန်ဖိုးဆိုင်ရာ ပါဝင်မှုများတွင် USDA ၏ဖော်ပြချက်များအရ ဖွဲနုဆီစားပွဲ တင်ဇွန်းတစ်ဇွန်းတွင် အဆီဓာတ် ၁၄ ဂရမ်နှင့် အင်အားဓာတ် ၁၂၀ ကယ်လိုရီရှိပြီး ဆိုဒီယမ်နှင့် သကြားဓာတ်တို့ လုံးဝမပါရှိသောကြောင့် ကျန်းမာရေးအတွက် သင့်တော်ကြောင်း၊ မိုနို မပြည့်ဝ အပိုင်းနှင့် ပိုလီ မပြည့်ဝအပိုင်းဆတူနီးပါးပေါင်းစပ်ပါဝင်နေသောကြောင့် ကိုလက်စထရော မြင့်မားမှုကို ထိန်းသိမ်းပေးနိုင်ကြောင်း စသည်တို့ကြောင့် အမေရိကန်နှလုံး အသင်းနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးတို့က ဖွဲနုဆီကို ကျန်းမာရေး အထောက်အကူပြု စားသုံးဆီဟု ထောက်ခံ ထားကြပါသည်။
အိန္ဒိယနိုင်ငံရှိ The India Council Medical Research (ICMR) နှင့် The National Institute of Nutrition (NIS) တို့၏ သုတေသနရလဒ်များအရ ဖွဲနုဆီသည် နှလုံးရောဂါ ရှိသူများအတွက် အလွန်သင့်လျော်သော ''heart-healthy oil'' ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် The Journal of Nutritional Biochemistry ၏ တင်ပြမှုတစ်ခု၌လည်း ဖွဲနုဆီ စားသုံးသူများသည် ဆီးချိုရောဂါပုံစံ(၂)ကို သက်သာစေကြောင်း မှတ်သားခဲ့ရပါသည်။
ဖွဲနုဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သော Ƴ-oryzanol နှင့် tocotrienol တို့များ စွာပါဝင်နေသောကြောင့် ဆီ၏သက်တမ်းကို ကြာရှည်စေသည့်အပြင် စားသုံးသူတွင်လည်း အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီးပေးခြင်း၊ ကင်ဆာဆဲလ်များကို ခုခံကာကွယ်နိုင်ခြင်း စသည့်ကောင်းကျိုးများရရှိစေပါသည်။ ဗီတာမင် E နှင့် အိုမီဂါ 3 အဆီအက်ဆစ်ပါဝင်နေသော ကြောင့်လည်း အရေပြားကို တင်းရင်းလှပစိုပြည်စေပြီး ခန္ဓာကိုယ်၏ ကိုယ်ခံအားကို တိုးပွားစေ ပါသည်။
ဤသို့ဆိုလျှင် စားသုံးသူများအနေဖြင့် စားသုံးဆီအမျိုးအစားပေါင်း များစွာရှိသည့် အနက် မှန်ကန်သော ဟင်းချက်ဆီ အမျိုးအစားရွေးချယ်ရာတွင် အနံ့အရသာအပြင် ကျန်းမာရေး ရှုထောင့်မှလည်း စဉ်းစားရပေလိမ့်မည်။ ထိုနည်းလမ်းအတိုင်း ရွေးချယ်မည်ဆိုလျှင် ကျန်းမာရေး ဆိုင်ရာကျွမ်းကျင်သူ (Health Experts) များ ထောက်ခံထားသည့် စားသုံးဆီမှာ ဖွဲနုဆီပင် ဖြစ်ပါသည်။
ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးဆိုင်ရာ တွက်ချက်မှုများအရ ဖွဲနုတန် ၁၀၀ မှ ဆီကြမ်း ၁၀ တန်ရရှိနိုင်ပြီး ၎င်းဆီကြမ်း ၁၀ တန်ကို ပြန်လည်သန့်စင်ပြီးပါက စားသုံးရန် အဆင့်ဖွဲနုဆီ ၃ တန်မှ ၃.၅ တန်အထိရရှိနိုင်ပါသည်။ ဖွဲဖတ် ၈၄ တန်ခန့်ထွက်ရှိလာသောကြောင့် ထုတ်လုပ်မှု ဖြစ်စဉ်အရ ဆုံးရှုံးမှု (Process Loss) သည် ၆% ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံတွင် တစ်နိုင်ငံလုံးမှထွက်ရှိသည့် စပါးများ၏ ၉၀% ကို ပေါင်းဆန်အဖြစ် ပြုလုပ်ပြီး ၎င်းကိုအဆင့်မြှင့်ကြိတ်ခွဲရာမှ ထွက်ရှိလာသောပေါင်းဖွဲနုမှ ဖွဲနုဆီထုတ်လုပ်ခြင်း လုပ်ငန်းကို တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ပေါင်းဖွဲနုတွင် ဆီပါဝင်မှု ရာခိုင်နှုန်း ၁၈ မှ ၂၂ ထိရှိပြီး အချဉ်ဓာတ်ကိန်းကိုလည်း တစ်လအထိတည်မြဲအောင် ထိန်း သိမ်းထားနိုင်၍ ဆီချောပိုမိုထုတ်ယူနိုင်သည့်အပြင် ဆီချောစက်ရုံတွင်လည်း ပေါင်းဖွဲနု၏ အနံ့ကုန်စေရန် Temperature Treatment ကိုလုပ်ဆောင်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံ၏ ဖွဲနုဆီထုတ်လုပ်သည့်လုပ်ငန်းမှာ များစွာတိုးတက်နေရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်စပါးတိုးချဲ့စိုက်ပျိုးနေခြင်းနှင့် ပြည်ပသို့ ဆန်တင်ပို့ ရောင်းချ နေသောကြောင့် ဘေးထွက်ပစ္စည်းဖြစ်သော ဖွဲနုကိုလည်း နှစ်စဉ်တိုး၍ ထုတ်လုပ် နိုင်မည်ဟု ခန့်မှန်းရပါသည်။ ၎င်းဖွဲနုများအားလုံးကို စားသုံးဆီထုတ်ယူနိုင်မည်ဆိုပါက နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသော စားသုံးဆီပမာဏကို သိသာစွာလျှော့ချလာနိုင် မည်ဖြစ်သည်။ ထို့ပြင် ထွက်လာသောဘေးထွက်ပစ္စည်းများကိုလည်း ပြည်တွင်းရှိလူသုံး ကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများသို့ ကုန်ကြမ်းအနေဖြင့် ရောင်းချနိုင်သောကြောင့် ဖွဲနုဆီထုတ် လုပ်ငန်းသည် စိုက်ပျိုး ရေးကို အခြေခံ၍ ပြည်တွင်းရှိ စက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ကွင်းဆက်မိသော လုပ်ငန်းလည်းဖြစ်ပါသည်။
သို့ပါ၍ မိမိတို့နိုင်ငံတွင် ဘေးထွက်ပစ္စည်းအနေဖြင့် တိရစ္ဆာန်အစားအစာအဖြစ်သာ အသုံးဝင်မည့် ဖွဲနုကို ကုန်ကြမ်းအဖြစ် အသုံးပြုကာ ဈေးကွက်ဝင်သော ကျန်းမာရေး အထောက် အကူပြု ဖွဲနုဆီအဖြစ် တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်နိုင်မည်ဆိုပါက သွင်းကုန် အစားထိုး နိုင်ငံခြား ငွေ ချွေတာနိုင်မည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးကိုလည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။
ITQM