စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် တိုင်းဒေသကြီး/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၂.၃.၂၀၂၂)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာ မြင်းဝင်းကျေးရွာများရှိ ငရုတ်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပခုက္ကူခရိုင်မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာ၊ မြင်းဝင်းကျေးရွာများသည် ငရုတ်သီးကို အဓိကစိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် (၂၀၀၀၀) ကျော်ရှိပါသည်။ ငရုတ်သီးကို ပျိုးဘောင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဘောင်လျှင်(၃၅၀၀၀)ကျပ် ပေးရ ကြောင်း၊ (၁)ဧကလျှင် (၅)ဘောင်မှ (၆)ဘောင်စိုက်ပျိုးရကြောင်း၊ ငရုတ်သီးမျိုးအနေဖြင့် မျှားနီမျိုး၊ ပန်းရဲမျိုး၊ အစပ်သီးအမျိုးအစားများကို အဓိကထားစိုက်ပျိုးကြပြီး စိုက်ပျိုးချိန်မှာ စက်တင်ဘာလ မှာစတင်စိုက်ပျိုးပြီး ဒီဇင်ဘာလကုန်တွင် စတင်အသီးတင်ပါကြောင်း၊ မြေဩဇာအနေဖြင့် စတင် စိုက်ပျိုးသည့်နေ့မှ အသီးသီးသည်အထိ ပုလဲမြေဩဇာ(၁၅)လုံး ကျဲပက်ရကြောင်း၊ ငရုတ်သီး(၁) ဧကအထွက်နှုန်းမှာ တင်း(၄၀၀)ထွက်ရှိပါကြောင်း၊ (၁)ဧကကုန်ကျစရိတ်မှာ(၁၅)သိန်း ကုန်ကျကြောင်း၊ လုပ်အားခအနေဖြင့် မနက်ပိုင်းအတွက် အမျိုးသား(၁)ဦးလျှင် (၃၀၀၀)ကျပ်၊ အမျိုးသမီး(၁)ဦးလျှင် (၂၀၀၀)ကျပ်ပေးရကြောင်း သိရှိရပါသည်။
ယခင်နှစ်၏ ငရုတ်ဈေးမှာ အစိုတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်ဖြစ်ခဲ့ကြောင်း ယခုနှစ်၏ ငရုတ်လက်ရှိပေါက်ဈေးမှာ ငရုတ်သီးအစို (၁)ပိဿာလျှင် (၈၀၀)ကျပ်၊ ငရုတ်စို(၁)တင်းလျှင်(၇၀၀၀)ကျပ် ဈေးဖြင့်ရောင်းချရကြောင်း၊ ငရုတ်ခြောက် တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ရောင်းချရကြောင်း (၁)ဧကအထွက် တင်း(၄၀၀)ထွက်ရှိပါက (၂၈)သိန်းခန့်ရရှိပြီး၊ တောင်သူ၏(၁)ဧက အကျိုးအမြတ်မှာ(၁၃)သိန်းခန့်ရရှိကြောင်း၊ ငရုတ်သီး အစို(၁)တင်းမှာ (၈)ပိဿာ(၅၀)ကျပ်သားပါရှိပြီး၊ အခြောက်လှမ်းလိုက်လျှင်(၂)ပိဿာထွက်ရှိပါကြောင်း သိရှိရပါသည်။
ငရုတ်ဈေးကွက်အနေဖြင့် မြစ်ခြေမြို့နယ် နန်းတော်ရပ်အုပ်စုမှ ထွက်ရှိသော ငရုတ်ခြောက်များကို ရန်ကုန်၊ မန္တလေး၊ မိတ္ထိလာနှင့် မြင်းခြံမြို့များသို့ တင်ပို့ရကြောင်း၊ ငရုတ်ဈေးကွက်အနေဖြင့် တစ်နှစ်လျှင် နှစ်ရာသီလုပ်ကိုင်ကြကြောင်း၊ ငရုတ်စိုက်တောင်သူများအနေဖြင့် ယခင်နှစ်က အကျိုး အမြတ်များစွာရရှိပြီး ယခုနှစ်အနေဖြင့် အသင့်အတင့်သာရရှိကြောင်း ငရုတ်စိုက်တောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မကွေး)