စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် စားသုံးတာဝန်ခံဒေါ်နွယ်နွယ်အေးတို့သည် (၂၅.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်၌ ပခုက္ကူမြို့ပေါ်ရှိ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်ရရှိသော ရေသန့်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ဒု-ခရိုင်ဦးစီးမှူးမှ သောက်ရေသန့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းသိရှိလိုက်နာစေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အမှတ်တံဆိပ်များအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရာတွင် စိစစ်ခွင့်ပြုချက်ရရှိထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ ရောင်းချရမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိများမှ ဈေးကွက်အတွင်းစောင့်ကြည့်စစ်ဆေးရာတွင် စိစစ်ခွင့်ပြုချက်ရရှိပြီးဖြစ်သော အမှတ်တံဆိပ်များမှာ သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားခြင်းမရှိပါက ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်များ ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
စားသုံးတာဝန်ခံမှ ဆွေးနွေးရာတွင် သောက်ရေသန့်လုပ်ငန်းရှင်များအနေဖြင့် ရရှိထားသော စိစစ်ခွင့်ပြုချက်ကို တန်ဘိုးထားစေချင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အောင်မြင်မှု၊ ကျော်ကြားမှု၊ နာမည်ကောင်းရရှိမှု ခက်ခဲကြောင်း၊ ရရှိထားသော အောင်မြင်မှုကို ထိန်းသိမ်းရန်မှာ ပို၍ခက်ခဲပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်ပစ္စည်းတစ်ခု ဝယ်ယူသုံးစွဲရာတွင် စိတ်ကြိုက်ရွေးချယ်ခွင့်ရှိကြောင်း၊ ရွေးချယ်ရာတွင် အရည်အသွေးကို အလေးထားရွေးချယ် ဝယ်ယူသင့်ကြောင်း၊ ပြည့်စုံမှန်ကန်သည့် သတင်းအချက်အလက်ရရှိမှုသည်လည်း အရေးပါကြောင်း စားဝတ်နေရေးအခြေခံလိုအပ်ချက်များအပေါ် ဘေးအန္တရာယ်ကင်းရှင်းရေးမှာ အရေးကြီးသည့်အပြင် စိတ်ကျေနပ်ခွင့်ရရှိရန်လည်းလိုအပ်ကြောင်း၊ ကုန်စည်ဝန်ဆောင်မှုများ ရယူအသုံးပြု၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြတိုင်ကြားနိုင်ခွင့်ရှိပြီး ကုန်ပစ္စည်းတစ်ခုဝယ်ယူသုံးစွဲရာတွင် ပြေစာ(သို့)အာမခံကဒ်(သို့)အထောက်အထားများ ပြည့်စုံစွာ ရယူထားမှသာ နစ်နာဆုံးရှုံးမှုများတွင် ပြန်လည်ကုစားခွင့်ရရှိမည်ဖြစ်သောကြောင့် အရေးကြီးပါကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ခြင်းမှာ မိမိတို့ဌာန၏ ရည်မှန်းချက်ဖြစ်သောကြောင့် ယခုလိုအသိပညာပေးရခြင်းဖြစ်ပါကြောင်း၊ မိမိအခွင့်အရေးကိုသိရှိမှ ရယူနိုင်ပြီး ကောင်းမွန်သောပတ်ဝန်းကျင်တွင် နေထိုင်နိုင်မှာဖြစ်ကြောင်းစသည်ဖြင့် အသေးစိတ် ဆွေးနွေးခဲ့ ပါသည်။
DOCA(မကွေး)