Main menu

ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ဆက်လက်မြင့်တက်နေသော ခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

    ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့ တွင် ရှမ်းပြည်နယ်ဒေသများဖြစ်သော အင်းလေး၊ နောင်ချို၊ ညောင်ရွှေတို့မှ ထွက်ရှိသော ထိုင်ဝမ်ခရမ်းချဉ်သီးများ ဈေးကောင်းရလျက် ရှိပါသည်။ ပခုက္ကူဒေသ၏ ခရမ်းချဉ်သီး ရာသီချိန်မှာ မိုးတွင်းကာလဖြစ်သော ဝါခေါင်လတွင် စတင်စိုက်ပျိုးပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင်  စတင်၍ အသီး များထွက်ရှိကြောင်း သိရှိရပြီး ယခုအခါတွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ခရမ်းချဉ်သီးများမှာ ရာသီချိန် မဟုတ်သောကြောင့် ရှမ်းပြည်နယ်ဒေသမှထွက်ရှိသော ထိုင်ဝမ်ခရမ်းချဉ်သီးများကို ဝယ်ယူစားသုံးနေရကြောင်း မြို့မစည်ပင်သာယာဈေးသည်များထံမှ သိရှိရပါသည်။ အင်းလေးဒေသမှ ထွက်ရှိသော ခရမ်းချဉ်သီးများမှာ နေ့စဉ်ကုန်ချိန်(၆၀၀၀ မှ၈၀၀၀)ထိ ဝင်ရောက်လျက်ရှိကြောင်း ခရမ်းချဉ်သီးကုန်သည်များထံမှ သိရှိရပါသည်။

     ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၃၆၀၀-၄၀၀၀)ရှိခဲ့ပြီး ယခုဇွန်လ(ဒုတိယပတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ အလုံးအရွယ်အစားကို လိုက်၍ အလုံးကြီး တစ်ပိဿာလျှင် ကျပ်(၄၈၀၀)၊ အလုံးသေးတစ်ပိဿာလျှင်ကျပ်(၄၀၀၀) ဖြင့် ရောင်းချ နေကြောင်း၊ ယခင်မေလနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၈၀၀)ခန့် ဆက်လက်ဈေးနှုန်းမြင့်တက်နေကြောင်း၊ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ  စက်သုံးဆီဈေးနှုန်း၊ သယ်ယူစရိတ် ဈေးနှုန်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ပခုက္ကူမြို့မ စည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)