Main menu

မကွေးတိုင်းဒေသထွက် ဈေးကွက်ဝင် မြေပဲဆားလှော်/ နှမ်းလှော်လုပ်ငန်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် အုတ်တွင်းကျေးရွာရှိ အိမ်တွင်းစီးပွားဖြစ်လုပ်ငန်းမှသည် တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းဆီသို့ ဦးတည်လျက်ရှိသော "ကောင်းမြတ်" အမှတ်တံဆိပ် မြေပဲဆားလှော်၊ နှမ်းလှော်လုပ်ငန်းသည် သက်တမ်းနှစ်(၃၀)ကျော်ရှိပြီဖြစ်ကာ ကျေးရွာဒေသခံ အိမ်ထောင်စုများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါသည်။

    မြေပဲဆားလှော်နှင့် နှမ်းလှော်ရန်အတွက် ကုန်ကြမ်းများကို အုတ်တွင်းပတ်ဝန်းကျင်အနီးရှိ ကျေးရွာများမှလည်းကောင်း၊ ကျောက်ပန်းတောင်း/ စလေပွဲရုံများမှလည်း ဝယ်ယူအသုံးပြုလျက်ရှိ ကြောင်း၊ မြေပဲလှော်ရာတွင် တစ်ရက်လျှင် မြေပဲဆံ(၅)တင်း၊ ဆား(၇)ပိဿာခန့်၊ ချင်း(၃)ပိဿာခန့်၊ ကြက်သွန်ဖြူ(၁.၅)ပိဿာခန့် လိုအပ်ကြောင်း သိရပါသည်။ မြေပဲဆားလှော်ရန် ကနဦး မြေပဲ (အစိမ်း)ကို ဆား၊ ချင်း၊ ကြက်သွန်ဖြူတို့ဖြင့် ရောနှောပြီး ရေဖြင့်(၃)နာရီခန့်ကြာပြုတ်ရကြောင်း၊ ပြုတ်ပြီးသားမြေပဲများကို တစ်ညခန့် ရေစစ်ယူထား၍ မြေပဲလှော်မည့် ဆားဒယ်အိုးထဲတွင် မြေပဲကို (၁)ခါလှော်လျှင်(၂)ပြည်ခန့်ထည့်၍ လှော်ရကြောင်း၊ (၂၅)မိနစ် အကြာတွင် မြေပဲလှော်များအား ဆယ်ယူ၍ အအေးခံပြီး ရောင်းချရန် ထုပ်ပိုးပြင်ဆင်ရကြောင်း သိရှိရပါသည်။

    နှမ်းလှော်ရာတွင်မူ တစ်ရက်လျှင် နှမ်း(၃)တင်းကုန်ကျပြီး နှမ်း(အစိမ်း)ကို အညစ်အကြေးများပြောင်စင်ရန် ရေသန့်စင်ပြီး ရေဖြင့်တစ်ညခန့်စိမ်ရကြောင်း၊ မနက်တွင် ဆယ်ယူ၍ အခွံချွတ်ပြီးလျှင် ဒယ်ဖြင့် (၂၀)မိနစ်ခန့် လှော်ကာ အအေးခံ၍ သဲ၊ ခဲသန့်စင်ကာ ရောင်းချရန် ထုပ်ပိုးပြင်ဆင်ရကြောင်း သိရပါသည်။ ကောင်းမြတ် မြေပဲဆားလှော်နှင့် နှမ်းလှော်လုပ်ငန်းမှ ကုန်ပစ္စည်းများကို အိမ်တိုင်ရာရောက် လာရောက်ဝယ်ယူသူများရှိကြပြီး ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ ချောက်၊ စလေ၊ စလင်း၊ ရန်ကုန်မြို့များသို့ အများဆုံးတင်ပို့ရကြောင်းသိရသည်။

   နှမ်းလှော်နှင့် မြေပဲဆားလှော်ရန်အတွက် ပဲခွံ၊ ထင်းလောင်စာကို အဓိက အသုံးပြုလျက်ရှိပြီး တစ်ရက်လျှင် လောင်စာခကုန်ကျငွေ ကျပ်(၈၀၀၀)ကုန်ကျကြောင်း၊ လက်ရှိတွင် လုပ်သား(၅)ဦးဖြင့် လုပ်ကိုင်ရပြီး (၁)ဦးလျှင် ကျပ်(၃၀၀၀)ဖြင့်ပေးချေရကြောင်း သိရသည်။ မြေပဲဆားလှော်(၁)ပြည်ထုပ် တစ်ထုပ်လျှင် လက်လီကျပ်(၁၀၀၀၀)၊ လက်ကားကျပ်(၉၅၀၀)၊ နှမ်းလှော်(၁)ပြည်ထုပ် တစ်ထုပ်လျှင် လက်လီကျပ်(၁၁၀၀၀)၊ လက်ကားကျပ်(၁၀၀၀၀)ဖြင့် ရောင်းချရကြောင်း၊ ၎င်းလုပ်ငန်းအား လုပ်ကိုင် ရာတွင်ကုန်ပစ္စည်းထုပ်ပိုးရောင်းချပြီး စုစုပေါင်း(၁)ရက်အမြတ်ငွေ ကျပ်(၅၀၀၀၀)ခန့် ကျန်ရှိကြောင်း "ကောင်းမြတ်" အမှတ်တံဆိပ်ဖြင့်မြေပဲဆားလှော်၊ နှမ်းလှော်လုပ်ငန်း လုပ်ကိုင်သူလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)