Main menu

မိုးညှင်းပဲပုပ် ဈေးကွက်အခြေအနေ

Powered by Drupal

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်သည် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးသည်နှင့် သီးထပ်သီးညှပ်အဖြစ် ပဲပုပ်ကိုအဓိကထားစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ဈေးကွက်တွင်လည်း မိုးညှင်းပဲပုပ်သည် နေရာရလျက်ရှိသောသီးနှံတစ်ခုဖြစ်ပါသည်။ ယခင်က မိုးညှင်းပဲပုပ်သည် ဈေးကွက်တွင် လူသိနည်းသော်လည်း ၂၀၁၇ ခုနှစ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာတစ်နိုင်ငံလုံး ဆိုင်ရာ ပဲပုပ်ကဏ္ဍတွင် ပါဝင်ပတ်သက်သူများ၏ အလုပ်ရုံဆွေးနွေးပွဲကို မိုးညှင်းမြို့နယ်ကိုယ်စားပြု (၅)ဦးတက်ရောက်ဆွေးနွေးခြင်း၊ ၂၀၁၈ ခုနှစ်တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ အလုပ်ရုံ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် မိုးညှင်းမြို့နယ်ကိုယ်စားပြု(၃)ဦးတို့ တက်ရောက်ဆွေးနွေးခြင်းဖြင့် ဈေးကွက်တွင် မိုးညှင်းပဲပုပ်ဟု ဈေးကွက်တစ်ခုအနေဖြင့် သီးခြား ရပ်တည်နိုင်ခဲ့ပါသည်။

   ပဲပုပ်ကို ဆောင်းသီးနှံအဖြစ် အောက်တိုဘာလ နှင့်နိုဝင်ဘာလတွင် စိုက်ပျိုးကြပြီး ဧပြီလနှင့် မေလတွင် ရိတ်သိမ်းကြပါသည်။ မိုးညှင်းခရိုင်အတွင်း အဓိကစိုက်ပျိုးသော ပဲပုပ်မျိုးများမှာ ရေဆင်း-၁၄၊ ရေဆင်း-၁၅ မျိုးများဖြစ်ကြောင်း ပဲပုပ်စိုက်တောင်သူများထံမှ သိရှိရပါသည်။ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးညှင်းခရိုင်တွင် ပဲပုပ် (၁၃၆၈၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ အထွက် တင်း(၂၆၀၀၉၁)တင်း ထွက်ရှိခဲ့ပြီး နှစ်စဉ်ပဲပုပ်စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ 

      မိုးညှင်းပဲပုပ်ကို ဒေသတွင်း ပဲငပိ၊ ပဲငပိခြောက်ပြား၊ ဆီတိုဟူး၊ တိုဟူးဖြူ(ပဲပြား) စသည့် စားသောက်ဖွယ်ရာများပြုလုပ်ဖြန့်ဖြူးရောင်းချကြသလို ပဲပုပ်ဆီအဖြစ် ကြိတ်ခွဲ ရောင်းချလျက်ရှိပါသည်။ ပဲပုပ်ဆီ ကြိတ်ခွဲရာတွင် ပဲပုပ်၁၈ ပိဿာ (၁ တင်း)လျှင် ပဲပုပ်ဆီ ၂ ပိဿာ ၂၅ ကျပ်သား၊ ပဲပုပ်ဖတ် ၁၄ ပိဿာ - ၁၅ ပိဿာခန့် ထွက်ရှိကြောင်း၊ ယခုလက်ရှိ ဈေးနှုန်းအနေဖြင့် ပဲပုပ်ဆီ ၁ ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ပဲပုပ်ဖတ် ၁ ပိဿာလျှင် ၃၅၅၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပဲပုပ်ဆီကိုဒေသတွင်းစားသုံးရန်ဖြန့်ဖြူးရောင်းချပြီး ပဲပုပ်ဖတ်ကို ဒေသတွင်း တိရိစ္ဆာန်အစာအဖြစ် ရောင်းချသလို မန္တလေးသို့လည်း တင်ပို့ရောင်းချကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

    မိုးညှင်းပဲပုပ်ဈေးကွက်အခြေအနေမှာ ပဲပုပ်ပေါ်စတွင် ၁၈ ပိဿာ (၁ တင်း)လျှင် ၅၅၀၀၀ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့သော်လည်း ယခု ဇွန်လ တတိယပတ်တွင် ၁၈ ပိဿာ (၁ တင်း)လျှင် ၇၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ မန္တလေးဈေးကွက်အနေဖြင့် ပဲပုပ် ၅၃.၂၅ ပိဿာ (၃ တင်း) တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူလျက်ရှိ ကြောင်း၊ ဝယ်ယူရရှိသော ပဲပုပ်များကို ကုန်ုသည်များက မန္တလေးမြို့ ပွဲရုံ၊ ပဲပုပ်ဆီစက်ရုံ၊ ရွှေဘိုမြို့ တိရိစ္ဆာန်အစာ (ကြက်၊ ငါး)လုပ်ငန်းများ၊ ရန်ကုန်မြို့၊ ရွှေပေါက်ကန်စက်မှုဇုန် ပဲပြားစက်ရုံသို့ တင်ပို့လျက်ရှိကြောင်း ယခုလော‌လောဆယ်တွင် ရန်ကုန်သို့ တင်ပို့မှုရပ်နားထားကြောင်း၊ မိုးညှင်းမှ မန္တလေးသို့ ကားတင်ပို့ခ ၁ ပိဿာလျှင် ၁၇၅ကျပ် ပေးချေရကြောင်း၊ လမ်းခရီးအခြေအနေအရ ကားတင်ပို့ခ အပြောင်းအလဲရှိနိုင်ကြောင်း၊ ယခုအချိန်တွင် ပဲပုပ်စိုက်တောင်သူများလက်တွင် လက်ကျန်မရှိသလောက် နည်းပါးသွားပြီဖြစ်ကြောင်း၊ ပဲပုပ်ကုန်သည်များလက်တွင် ပဲပုတ်တန် ၇၅ တန်(တင်း ၂၆၀၀)ခန့် သာရှိတော့ကြောင်း ပဲပုပ်ကုန်သည်လုပ်ငန်းရှင် ဦးကြည်လင်ထံမှ သိရပါသည်။

    မိုးညှင်းပဲပုပ်သည် ဈေးကွက်တွင် နာမည်ရသီးနှံဖြစ်သည့်နှင့်အညီ ဈေးကွက်ခိုင်မာစွာ ရရှိရေးအတွက် မိုးမြင့်ကြယ် ပဲပုပ်အသင်းနှင့် မိုးညှင်းစိုက်ပျိုးရေးသုတေသနခြံတို့ ပူးပေါင်း၍ မျိုးကောင်းမျိုးသန့်များရရှိရေး၊ အထွက်ကောင်းနှင့် အရည်းအသွေးကောင်းမွန်သည့် ပဲပုပ်များထွက်ရှိရေး နည်းပညာပေးခြင်းများ စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲပုပ်စိုက်ပျိုးသည့်တောင်သူများအနေဖြင့် အကျိုးအမြတ်ဖြစ်ထွန်းသည့် သီးနှံဖြစ်သည့်အတွက် နှစ်စဉ် ဧက တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။

DOCA(ကချင်)