Main menu

ကချင်ပြည်နယ် ‌မြေပဲစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

     ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ တနိုင်းနှင့် ပူတာအို ခရိုင်တို့တွင် ဆီထွက်သီးနှံ မြေပဲကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြေပဲစိုက်ဧက ၃၃၁၃၂ ဧက စိုက်ပျိုးပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စိုက်ဧက ၃၃၃၈၇ ဧက အထိ တိုးချဲ့စိုက်ပျိုးလာကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရှိရပါသည်။

     မြေပဲကို မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး မိုးမြေပဲကို ဆောင်းမြေပဲမျိုးအဖြစ် စိုက်ပျိုးကြပြီး ဆောင်းမြေပဲကို ဆီကြိတ်ခွဲရန်အတွက် အဓိကစိုက်ပျိုးပါသည်။ ဆောင်းမြေပဲကို စပါးရိတ်သိမ်းပြီး လယ်မြေ၊ ယာခင်းများတွင် အဓိကစိုက်ပျိုးကြပြီး၊ အထွက်ကောင်းသော ဆင်းပဒေသာ (၇)နှင့် မကွေး(၁၁)မျိုးများကို အသုံးပြုကြပြီး၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ၉၇၀၀၀ဝိ/- ခန့်ရှိကြောင်းသိရှိရပါသည်။ ဆောင်းမြေပဲကို ဧပြီလကုန်နှင့် မေလများတွင် နုတ်သိမ်းလေ့ရှိပြီး၊ တစ်ဧက အထွက်နှုန်း မြေပဲတောင့် ၅၅.၉၂ တင်း ထွက်ရှိကြောင်း၊ ဈေးကွက်တွင် မြေပဲတောင့် တစ်တင်းလျှင် မြေပဲဆံထွက်ရှိမှုပေါ်မူတည်၍ ၃၀၀၀၀ ကျပ်မှ ၃၂၀၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်တစ်ဦးထံမှ သိရပါသည်။

    ဆီစက်လုပ်ငန်းရှင် တစ်ဦးထံမှ လက်ရှိအခြေအနေတွင် မြေပဲဆီ တစ်ပိဿာ ၁၉၅၀ဝိ/- ဖြင့် ရောင်းချလျက်ရှိပြီး ဆီကြိတ်ခွဲထုတ်လုပ်ရာ၌ မြေပဲတောင့် (၅)တင်းလျှင် ဆီ တစ်ပုံး (၁၀ ပိဿာ)နှင့် မြေပဲဖတ် ၈ ပိဿာ ရရှိကြောင်း၊ မြေပဲဖတ် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဒေသတွင်းဖြန့်ဖြူး‌ရောင်းချသလို မန္တလေး၊ ရွှေဘိုမြို့များသို့လည်း တိရိစ္ဆာန်အစာအဖြစ် ရောင်းချလျက်ရှိပါသည်။ ယခင်က မြေပဲတောင့်များကိုခွဲ၍ မြေပဲဆံအဖြစ် မန္တလေးသို့ တင်ပို့ရောင်းချခဲ့သော်လည်း ယခုအခါတွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူဖြစ်စေရန်ဆီကြိတ်ခွဲ၍ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။

    မြေပဲသည် စားသုံးဆီဖူလုံရေးအတွက် အထောက်အကူဖြစ်သည့် သီးနှံဖြစ်ကာ အကျိုးအမြတ်များသည့် သီးနှံဖြစ်သဖြင့် မြေပဲစိုက်တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကချင်)