Main menu

ဥရောပ-တရုတ် ကုန်သွယ်‌ရေးစစ်ပွဲတွင် တရုတ်နိုင်ငံ၏ တုန့်ပြန်မှုခြေလှမ်းတစ်ရပ်

Powered by Drupal

တရုတ်နိုင်ငံမှထုတ်လုပ်သော EV များအား ဥရောပမှကြီးလေးသော အခွန်စည်းကြပ်မှုများအပေါ် တရုတ်ဘက်မှတုံ့ပြန်မှုသည် အချိန်သိပ်မကြာမြင့်ခဲ့ပေ။ တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ဥရောပမှဝက်သားတင်သွင်းမှုအပေါ်ဆန့်ကျင်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဇွန်လ ၁၇ရက်နေ့ (တနင်္လာနေ့)က ကြေညာခဲ့သည်။ ဥရောပသမဂ္ဂမှ တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်တင်သွင်းမှုအပေါ် အခွန် ၃၈ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခဲ့ပြီးနောက် ပထမဆုံးလက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်သည့် အစီအမံတစ်ရပ်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော Global Times ကဲ့သို့ နိုင်ငံပိုင်မီဒီယာက တရုတ်စက်မှုလုပ်ငန်းများသည် EU ဝက်သားတင်သွင်းမှုကို စုံစမ်းစစ်ဆေးရန်တောင်းဆိုထားကြောင်း ဖော်ပြခဲ့သည်။ ဥရောပသမဂ္ဂသည် တရုတ် EV များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ပြီးခဲ့သည့်အောက်တိုဘာလတွင် ကြေညာခဲ့ပြီး တရုတ်နိုင်ငံမှ ထုတ်လုပ်သောကားများသည် ထောက်ပံ့ကြေးများ အဆမတန်လက်ခံရရှိခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးခဲ့သည်။ ထိုအချိန်မှစ၍ Brussels သည် လေတာဘိုင်များ၊ တရုတ်သွပ်ဖြင့် ဖုံးအုပ်ထားသောသံ (သို့မဟုတ်) သံမဏိထုတ်ကုန်များနှင့် ဆေးဘက်ဆိုင်ရာကိရိယာများဝယ်ယူရေးအပါအဝင် အခြားစက်မှုလုပ်ငန်းအများအပြားတွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ EU နိုင်ငံအားလုံးသည် တရုတ်နိုင်ငံအား စည်းကြပ်ခွန်ကောက်မည့်အလားအလာကို လက်ခံကြိုဆိုနေကြခြင်းမဟုတ်ပေ။ အထူးသဖြင့် ဂျာမနီသည် လက်တုန့်ပြန်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း လူသိရှင်ကြားပြောဆိုခဲ့ပြီး ဥရောပသမဂ္ဂ၏ အခွန်စည်းကြပ်မှုအသစ်များ ဇူလိုင်လတွင် အသက်မဝင်မီ Brussels နှင့် ဘေဂျင်းတို့အကြား အပေးအယူလုပ်ရန် မျှော်လင့်ထားကြောင်းသိရသည်။ ကမ္ဘာ့ဝက်သားစားသုံးသူအများဆုံးဖြစ်သည့် တရုတ်နိုင်ငံသည် ယမန်နှစ်တွင် ဝက်သားထုတ်ကုန် ဒေါ်လာ ၆ဘီလီယံခန့်တင်သွင်းခဲ့ကြောင်း တရုတ်နိုင်ငံ၏ အကောက်ခွန်အချက်အလက်များအရသိရသည်။ ၎င်းဝက်သားထုတ်ကုန် ၆ဘီလီယံအနက် ထက်ဝက်ခန့်သည် EU မှတင်သွင်းခြင်းဖြစ်သည်။ ထိုသို့ ဝက်သားတင်သွင်းမှုအပေါ် လက်တုံ့ပြန်ခြင်းသည် နယ်သာလန်၊ စပိန်နှင့် ဒိန်းမတ်တို့ကဲ့သောနိုင်ငံများ၏ စီးပွားရေးကို ထိခိုက်စေနိုင်သည်။ ဝက်သားသည် တရုတ်နိုင်ငံ၏ အနှစ်သက်ဆုံးအသားဖြစ်ပြီး အစိုးရသည် ပြတ်လပ်ချိန်တွင် ဈေးနှုန်းတည်ငြိမ်စေရန် မဟာဗျူဟာမြောက်အရန်အစီအစဉ်များကိုပင် လုပ်ဆောင်လျက်ရှိသည်။ အာဖရိကဝက်အပြင်းဖျားကပ်ရောဂါကြောင့် ၂၀၁၈ခုနှစ်မှ ၂၀၂၁ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ဝက်သားကောင်ရေ သိသိသာသာကျဆင်းခဲ့ပြီး ဝက်မွေးမြူသူများကို ထုတ်လုပ်မှုတိုးချဲ့ရန် တွန်းအားပေးခဲ့သည်။ ယခုအခါ နိုင်ငံသည် အဆမတန်တင်ပို့ရောင်းချမှုနှင့်ရင်ဆိုင်နေရပြီး ဝက်သားထုတ်လုပ်သူတချို့အတွက် ငွေကြေးဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်။ Source: Fortune.com DOCA(ရန်ကုန်)