စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် တာဝန်ခံဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် တိုင်း/ခရိုင်လမ်းညွှန်မှုဖြင့် (၇.၃.၂၀၂၂)နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့နယ်၊ ရွာခိုင် ကျေးရွာရှိ ဆောင်းသီးနှံကုလားပဲစိုက်တောင်သူ ဦးဇော်လင်းအောင်နှင့်တွေ့ဆုံ၍ ကုလားပဲစိုက်ပျိုးထွက်ရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်အကျိုးအမြတ်ရရှိမှုအခြေအနေတို့ကို ကွင်းဆင်းလေ့လာခဲ့ပါသည်။
နှစ်စဉ်ကုလားပဲသီးနှံကို မိုးစပါးရိတ်သိမ်းအပြီး တန်ဆောင်မုန်းလကုန်ခါနီမှ စတင်စိုက်ပျိုးခဲ့ရာ တပို့တွဲလ၊ တပေါင်းလတို့တွင်ရိတ်သိမ်းကြပါကြောင်း၊ ကုလားပဲသီးနှံကို ယခုနှစ်တွင် (၅)ဧကစိုက်ပျိုးထားပါကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရေမြေရာသီဥတုအနေအထားနှင့် အပင်အားဆေးနှင့် ပိုးသတ်ဆေးထည့်ဖျန်းနိုင်မှုအပေါ်မူတည်၍ တစ်ဧကကိုအနည်းဆုံး တင်း(၂၀)မှ(၂၀)ကျော်အထိ ထွက်ရှိပါကြောင်း၊ တစ်ဧကလျှင် မျိုးနှစ်တင်းခွဲကြဲပက်ရပါကြောင်း မျိုးတစ်တင်းလျှင် ယခင်နှစ်က (၃၅၀၀ဝိ/-) သာရှိ၍ ယခုနှစ်တွင် (၄၈၀၀ဝိ/-)ပေးရပါကြောင်း၊ မျိုးမကြဲခင် ထယ်ရေးဖွင့်ရန်အတွက် စက်မောင်းခ တစ်ဧကလျှင် (၁၅၀၀ဝိ/-)ကုန်ကျပါကြောင်း၊ မျိုးကြဲပြီးအပင်ပေါက်စုံပြီး ရက်(၂၀)သားအရွယ်ရောက်ပါက အပင်အားဆေးနှင့်ပိုးသတ်ဆေးကို (၁၀)ရက်တစ်ကြိမ် (၂)မျိုးစပ်၍ ပက်ဖျန်းရသဖြင့် စုစုပေါင်း(၁၀)ကြိမ် လောက်ပက်ဖျန်းရ၍ ဆေးဖိုးကုန်ကျငွေ(၃၀၀၀ဝိ/-)ခန့်ရှိကြောင်း၊ တစ်လ၊ တစ်လခွဲသားအရွယ်တွင် အညွှန်များခူး၍ ရောင်းချရပါကြောင်း၊ အညွှန့်ခူး၍ ရောင်းရငွေမှာ ဆေးဖိုးနီးနီးရရှိပါကြောင်း၊ အသီးပိုမိုထွက်ရှိစေရန် အညွှန့်များကို ခူးပေးရပါကြောင်း၊ ရက်ပေါင်း(၁၀၀)၊(၁၂၀)သားလောက် အပင်သက်တမ်း ကုန်ချိန်တွင် ပဲပင်နုတ်ရန်အတွက် လုပ်သား(၈)ဦးလိုပါကြောင်း၊ တစ်ဦးလျှင်(၂၀၀ဝိ/-)ဖြင့် (၁၆၀၀ဝိ/-)ကုန်ကျပါကြောင်း၊ နုတ်ပြီးသောအပင်များအား တလင်းထဲသို့ လှည်းဖြင့်သယ်ယူခ လှည်း(၂)စီးအတွက်(၇၀၀ဝိ/-)ကုန်ကျပါကြောင်း၊ ၎င်းအပင်များအား ချွေလှေ့စက်ဖြင့် ချွေခတစ်တင်းလျှင် (၁၅၀ဝိ/-)ပေး၍ချွေပါကြောင်း၊ တစ်ဧကအနေဖြင့် တင်း(၂၀)ကျော်ထွက်ရှိပါကြောင်း ဈေးနှုန်းဈေးကွက်အနေဖြင့်ယခင်နှစ်က(၃၅၀၀ဝိ/-)သာရရှိခဲ့သော်လည်း ယခုနှစ်တွင်တစ်တင်းလျှင် (၄၁၀၀ဝိ/)ဖြင့် ရောင်းချရသည့်အတွက် တစ်ဧကအကျိုးအမြတ်မှာ (၆၂၀၀၀ဝိ/-)အကျိုးအမြတ်ရရှိပါကြောင်း၊ ဈေးကွက်အနေဖြင့် မကွေး၊ မင်းဘူး၊ ကျောက်ပန်းတောင်းမြို့များသို့ သွားရောက်ရောင်းချပါကြောင်း၊ တစ်ဧကအနေဖြင့် ကုန်ကျစရိတ်မှာ (၂၀၀၀၀ဝိ/-)ခန့်ကုန်ကျကြောင်း၊ တောင်သူဦးဇော်လင်းအောင်မှာ အပင်အားဆေးနှင့် ပိုးသတ်ဆေးဖျန်းခြင်းကို ကိုယ်တိုင်ဆောင်ရွက်သည့်အတွက် ကုန်ကျစရိတ်သက်သာကြောင်း ၎င်း၏ ပြောကြားချက်အရ သိရှိရပါသည်။
ယခုနှစ်အဖို့ သီးနှံများဈေးကောင်းရ၍ ပွင့်ဖြူဒေသမှတောင်သူများမှာ အကျိုးအမြတ်များစွာရရှိသည့်အတွက် တောင်သူပြုံးပျော်ရသည့်နှစ်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
DOCA(မကွေး)