Main menu

ဖြူးမြို့မှ ဒူးရင်းသီးနှင့်သံပုရာသီးဈေးကွက်

Powered by Drupal

              တောင်ငူခရိုင် ဖြူးမြို့သို့ စစ်တောင်းမြစ်အရှေ့ဘက်ရှိ ကျောက်ကြီးမြို့နယ်မှထွက်ရှိသော ဒူးရင်းသီးများ နှစ်စဉ်ဝင်ရောက်လျက်ရှိရာ ယခုနှစ်တွင်လည်း မေလမှစတင်၍ဝင်ရောက်လာကာ ဒူးရင်းသီးအရောင်းဆိုင်များ၍ ရောင်းအားကောင်းကြောင်းသိရပါသည်။ ဒူးရင်းသီးသည် အနံမွှေး၍ အရသာဆိမ့်သဖြင့် လူကြိုက်များသော အသီးတစ်မျိုးဖြစ်ပါသည်။

              ဖြူးမြို့တွင်း ရန်ကုန်-မန္တလေးလမ်းဘေးတွင် ဒူးရင်းသီးဆိုင်များရှိပြီး အရွယ်အစား အလိုက် တစ်လုံးလျှင် အနိမ့်ဆုံး ၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၂၅၀၀၀ ကျပ်အထိရှိပါသည်။ ဒေသတွင်းမှ ဝယ်ယူစားသုံးကြသကဲ့သို့ ရပ်ဝေးမှဆွေမျိုးမိတ်ဆွေများထံ လက်ဆောင်ပေးပို့ခြင်း၊ ဖြူးမြို့ကို ဖြတ်သန်းသည့် ယာဉ်များမှခရီးသည်များက လက်ဆောင်ဝယ်သွားခြင်းဖြင့် အရောင်းအဝယ် ကောင်းလျက်ရှိပါသည်။

              ဖြူးမြို့မှ ဒူးရင်းသီးဆိုင်များသည် ယခင်နှစ်တွင် မေလမှ အောက်တိုဘာလအထိ ရောင်းရ ကြောင်း၊ မကွေး၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးဒေသများသို့ တင်ပို့ရောင်းချရကြောင်း၊ ယခုနှစ်တွင် ဒူးရင်းသီးဈေးမြင့်သော်လည်း အရောင်းအဝယ်မှာ ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်အတိုင်းရှိကြောင်း ဒူးရင်းသီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

              ထို့အပြင် တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ ဒေသထွက်ကုန်တစ်မျိုးဖြစ်သော သံပုရာသီးမှာ နွေရာသီ တွင် ဈေးကောင်းရရှိပြီး အရောင်းအဝယ်ကောင်းခဲ့ပါသည်။ သံပုရာသီးတစ်လုံးလျှင် ၂၀၀ ကျပ်မှ ၃၅၀ ကျပ် အထိ ရှိခဲ့ပါသည်။      ၂၀၂၄ခုနှစ် ဇွန်လတတိယအပတ်တွင် သံပုရာသီးများ လှိုင်လှိုင်ပေါ်လာပြီဖြစ်သဖြင့် ဈေးနှုန်းမှာလည်း တစ်လုံးလျှင် ၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ ကျဆင်းခဲ့ပါသည်။ ယခုနှစ်တွင် ယခင်နှစ်များကထက် သံပုရာသီးဈေးကောင်းသော်လည်း မိုးဦးကျ ကာလတွင် လေပြင်းတိုက်ခတ်မှု ကြောင့် သံပုရာပွင့်များကြွေ၍ ထင်သလောက် အသီး မတင်ကြောင်း ဖြူးမြို့မှ သံပုရာတပိုင်တနိုင် စိုက်ပျိုးသူတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)