![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ပန်းထိမ်.jpg?itok=1D3nHl9z)
ပန်းတိမ်မနိုင်(ခေါ်)ပန်းတိမ်ငိုပန်းများကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်အတွင်းရှိ အနောက်စုကျေးရွာ၊ မှန်တန်းကြီးကျေးရွာ၊ ဘိုးသာအောင်ကုန်းကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ရှားဖြူကုန်းကျေးရွာနှင့် ကြွက်နွယ်တောကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်စိုက်ပျိုးကြသလို အခြားကျေးရွာအချို့တွင်လည်း အနည်းငယ် စိုက်ပျိုးကြပါသည်။ ယခုအခါ ရေသွင်းထားသည့် မိုးကြိုပန်းတိမ်မနိုင်ပန်းများ စတင်ထွက်ရှိနေပြီဖြစ်ပါသည်။
၂၀၂၄ခုနှစ် ဇွန်လတတိယပတ်မှစတင်၍ ပန်းတိမ်မနိုင်(ခေါ်)ပန်းတိမ်ငိုပန်းများ စတင်ထွက်ရှိလာရာ လက်လီရောင်းချရန်အတွက် ဖောက်သည်များမှ ခြံအရောက်လာရောက် ဝယ်ယူမှု ရှိပြီး အခိုင်ရေ (၅၀)နှင့်အထက် ဝယ်ယူပါက ခရမ်းရောင်နှင့်အဖြူရောင်တစ်ခိုင်လျှင် လက်ကား ပေါက်ဈေး (၄၀၀)ကျပ်၊ ပန်းရောင်တစ်ခိုင် လက္ကားပေါက်ဈေး (၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ဈေးကွက်အတွင်းတွင် လက်လီဈေး ခရမ်းရောင်နှင့်အဖြူရောင်တစ်ခိုင်လျှင် (၅၀၀)ကျပ်၊ ပန်းရောင်တစ်ခိုင်လျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ပေါ်ဦးစတွင် ဒေသတွင်း မြို့နယ်များ၌သာရောင်းချနိုင်ပြီး လှိုင်လှိုင်ထွက်ရှိချိန်တွင် ရန်ကုန်၊ ပြည်၊ မကွေး၊ သုံးဆယ်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း ပန်းတိမ်မနိုင်ပန်းများ ဝယ်ယူရောင်းချနေသော ပန်းကုန်သည် တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)