Main menu

ရွှေဘိုနှမ်းနက်ဈေးနှုန်း ဆက်လက်မြှင့်တက်ပြီး တောင်သူများတွက်ချေကိုက်

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

     ဇွန်လ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ နွေနှမ်းနက်များစတင်ဝင်ရောက်ခဲ့ကြောင်း၊  ဇွန်လ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၁၅၆၅၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၃၅၀၀)တင်း/ (၃၃၁)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းနက်တစ်တင်းလျှင် (၁၄၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် နှမ်းနက်တစ်တင်းလျှင်(၁၀၅၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင် (၁၁၃၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်းနက်တစ်တင်းလျှင် (၄၃၅၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ရွှေဘိုမြို့၌ ယခုနှစ်တွင် နွေနှမ်းများစတင်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်ထိမိုးများစွာရွာသွန်းမှုမရှိဘဲ ပုံမှန်သာရွာသွန်းပြီးရိတ်သိမ်းချိန်တွင်လည်း ရာသီဥတုကောင်းမွန်သည့်အပြင် ဈေးနှုန်းမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုမိုမြှင့်တက်လာသဖြင့် နွေနှမ်းစိုက်ပျိုးသည့်တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်းနှင့် ရွှေဘိုမြို့ရှိပဲ၊ နှမ်းကုန်စည်ဒိုင်သို့ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)