Main menu

ပခုက္ကူမြို့ပေါ်ရှိ “ ပန်းကံ့ကော် ” ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဈေးနှုန်း၊ ဈေးကွက်များမေးမြန်းဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည်  ပြည်တွင်း MSMEs ကဏ္ဍလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ “ပန်းကံ့ကော်” ပေါင်မုန့်/ကိတ်မုန့်၊ ဆီကြော်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ပေါင်မုန့်/ကိတ်မုန့်၊ ဆီကြော်မုန့်လုပ်ငန်းရှင်သည် ယခုလုပ်ငန်းမှာ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ကြောင်း၊ ယခင်အချိန်ထက် ရောင်းအားနည်းကြောင်း၊ ပခုက္ကူမြို့ မဈေးနှင့် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့ရောင်းချကြောင်း၊ ဆီကြော်မုန့်တစ်ဘူးလျှင် ကျပ် (၁၈၀၀)၊ ပေါင်မုန့်တစ်ဘူးလျှင် ကျပ်(၁၃၅၀)၊ ကိတ်မုန့်တစ်ဘူးလျှင် ကျပ်(၁၅၀၀)ရောင်းကြောင်း၊ ရှမ်းပြည်နယ်သို့လည်း အမှာရှိလျှင် တင်ပို့ရောင်းချကြောင်း၊ တစ်လလျှင် မုန့်ဘူး(၇၀)ပါ ပုံး(၃၀) ရောင်းချရကြောင်း၊ အလုပ်သမား(၃)ယောက်လောက်သာငှားရမ်းပြီး မိသားစုများ ဝိုင်းဝန်းလုပ်ကိုင်ကြကြောင်း၊ လုပ်အားခမှာ တစ်နေ့လျှင် ကျပ်(၅၀၀၀)ပေးရကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်လဝင်ငွေ ကျပ်(၅၀၀၀၀၀-၆၀၀၀၀၀)ကြားရှိကြောင်း၊ လျှပ်စစ်မီးမလာသည့်အချိန်တွင် မီးစက်ဖြင့်လုပ်ကိုင်ရသောကြောင့် အကျိုးအမြတ်နည်းကြောင်း၊ ကုန်ဈေးနှုန်းမှာ အစစအရာရာ ဈေးတက်နေသည့်အချိန်ဖြစ်၍ မိသားစုစားဝတ်နေ‌ရေးနှင့် မုန့်ဖောက်သည်များ စဉ်ဆက်မပြတ်ရရှိရေးအတွက် လုပ်ကိုင်နေကြောင်း၊ ယခင်အချိန်တွင် နယ်ပေါင်းစုံသို့တင်ပို့ရသည့်အတွက် ရောင်းအားကောင်းကြောင်း၊ ယခုလက်ရှိအချိန်၌လည်း နားရက်မရှိ လုပ်ငန်းလုပ်ကိုင်နေကြောင်း၊“ပန်းကံ့ကော်” အမှတ်တံဆိပ်ကိုလည်း ကုန်အညွှန်းအမှတ်အသားများပြည့်စုံအောင်ပြင်ဆင်ပြီး စိစစ်ခွင့်ပြုချက်ရရှိရန်အလို့ငှာ စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)