စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးသည် ၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ကော့သောင်းခရိုင် ကုန်သည်ကြီးများအသင်းအစည်းအဝေး ခန်းမတွင် စားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး၊ ထုတ်လုပ်ရောင်းချလျက်ရှိသော စားအုန်းဆီများနှင့် ပတ်သက်၍ သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချရန်၊ စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းမပြုရန် နှင့် မသမာသည့်လုပ်ဆောင်မှုများမဖြစ်စေရေး၊ထို့အတွက်ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
ထိုသို့တွေ့ဆုံဆွးနွေးရာတွင် ကော့သောင်းခရိုင်ဦးစီးမှူးဒေါ်မြသီတာ (ဦးစီးအရာရှိ)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာစျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီစျေးနှုန်းများဖြစ်ပေါ်စေရေး၊ ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများထံ လက်ဝယ်ရောက်ရှိစေ ရေးအတွက် စားအုန်းဆီများကိုဝိသမလောဘဖြင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆီဖူလုံမှုရရှိစေရေးအတွက် ဆီ ခွဲတမ်းများ ပိုမိုရရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဗူးသွပ်ဆီများကို တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချပါက ကုန်အညွှန်းမှတ်အသားများပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဘေးအန္တာရယ်ကင်းရှင်းပြီး စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် စားအုန်းဆီများကိုသာ ရောင်းချရန်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)