Main menu

၂၀၂၄ ခုနှစ်၌ ဆန်တန်ချိန် ၁.၃ သန်းခန့် ဘရာဇီး တင်သွင်းရနိုင်

Powered by Drupal

     အနောက်ကမ္ဘာခြမ်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အကြီးမားဆုံးဖြစ်သည့် ဘရာဇီးနိုင်ငံအနေဖြင့် ဆယ်စုနှစ် ၂ ခုကာလအတွင်း အမြင့်မားဆုံးပမာဏအဖြစ် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၁.၃ သန်းအထိ တင်သွင်းရဖွယ်ရှိသည်။ ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်ရာ Rio Grande do Sul နယ်မြေဒေသ၌ ရာသီဥတုဆိုးရွားမှုနှင့် ဒေသတစ်ခုလုံး ရေလွှမ်းနစ်မြုပ်ကြောင့် ၂၀၂၃-၂၄ သီးနှံ ရာသီတွင် ဘရာဇီးနိုင်ငံ၏ ဆန်ထွက်ရှိမှုမှာ တန်ချိန် ၇ သန်းခန့်သာ ရှိနိုင်မည်ဟု အမေရိကန် စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လအတွက်ထုတ်ဝေသည့် Grain: World Markets and Trade’ report အစီရင်ခံစာ၌ ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ အခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။

     ပြည်တွင်း၌ ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့လာရနိုင်ခြေအပေါ် တုံ့ပြန်မှုအဖြစ် ဘရာဇီးအစိုးရ သည် အချို့သော ဆန်အမျိုးအစားများ တင်သွင်းရာတွင် စည်းကြပ်သော အကောက်ခွန်နှုန်းထား များကို ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့မှ နှစ်ကုန်ဆုံးချိန်အထိ ဆိုင်းငံ့ထားရှိခဲ့သည်။ ထို့အပြင် ယခု နှစ်အတွင်း ဆန်တန်ချိန် ၁ သန်းကို တင်သွင်းခွင့်ပြုမည်ဟု အစိုးရက ကြေညာချက် ထုတ်ပြန်ထား သည်။ အဆိုပါ အစီအစဉ်အရ ဇွန်လ ၆ ရက်နေ့၌ ပထမအကြိမ်အဖြစ် ဆန်တန်ချိန် ၃ သိန်းကို တင်ဒါခေါ်ယူခဲ့ရာတွင် ဆန်တန်ချိန် ၂၆၀၀၀၀ အတွက် တင်ဒါအောင်မြင်မှုရှိခဲ့သည်။ အဆိုပါ ဆန် များအား မည်သည့်ပင်ရင်းဒေသမှ တင်သွင်းမည်မှာ သေချာမှုမရှိသေးသော်လည်း နိုင်ငံပိုင် ဝယ်ယူ ရေးကုမ္ပဏီဖြစ်သော CONAB သည် စက်တင်ဘာလ ၈ ရက်နေ့ အရောက် တင်သွင်းရန် ညွှန်ကြား ထားပြီး ဘရာဇီးငွေကြေးအားဖြင့် ရောင်းဈေး ၁ ကီလိုဂရမ်လျှင် ၄ ရီရယ် (၀.၇၆ ဒေါ်လာခန့်) နှုန်းဖြင့် ၅ ကီလိုဂရမ်ဝင် ဆန်အိတ်များဖြင့် ဖြန့်ဖြူးမည်ဖြစ်သည်။

     အစိုးရအနေဖြင့် ဆန်ရောင်းလိုအားကို တည်ငြိမ်စေရန်နှင့် ပြည်တွင်းဈေးနှုန်းများအား ထိန်းသိမ်းနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း လတ်တလော စပါးရိတ်သိမ်း ပြီးချိန်၌ အသစ်ထပ်မံ ဝင်ရောက်လာမည့်ဆန်များကြောင့် ရောင်းလိုအားပိုလျှံမှုရှိမည့် အရေးကို စိုးရိမ်မကင်းဖြစ်လျက်ရှိသော ပြည်တွင်းရှိ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများက ကန့်ကွက်လျက် ရှိကြသည်။ ဘရာဇီးနိုင်ငံသည် သမားရိုးကျအားဖြင့် မာကိုဆာသဘောတူညီချက် အဖွဲ့ဝင်နိုင်ငံများ ကိုသာ အခွန်ကင်းလွတ်ခွင့်ဖြင့် ဆန်တင်သွင်းခွင့်ပြုထားပြီး ပါရာဂွေးနှင့် ဥရုဂွေး နိုင်ငံများထံမှ အဓိကတင်သွင်းခြင်းဖြစ်သည်။ အာဂျင်တီးနားနိုင်ငံထံမှ ဆန်ဝယ်ယူတင်သွင်းမှုမှာ အနည်းငယ်မျှ သာရှိသည်။ လက်ရှိချမှတ်ထားသည့် မူဝါဒအရ မာကိုဆာ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသည် လည်း အကောက်ခွန်ကင်းလွတ်လျက် ဆန်တင်သွင်းနိုင်ခွင့်ရှိသည်။ ၂၀၂၀ ပြည့်နှစ်၌ အလားတူ ခွင့်ပြုခဲ့ချိန်တွင် အမေရိကန်နိုင်ငံထံမှ ဆန်တန်ချိန် ၈၂၀၀၀ ကျော် တင်သွင်းခဲ့မှုက သွင်းကုန် ပမာဏမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

     ဘရာဇီး၏ သွင်းကုန်မူဝါဒ ပြောင်းလဲဖော်ဆောင်မှုသည် နိုင်ငံ၏ ဆန်တင်ပို့မှုအပေါ်တွင် လည်း သက်ရောက်နိုင်ဖွယ်ရှိသည်။ ၂၀၂၂ ခုနှစ်၌ ဘရာဇီးနိုင်ငံသည် လက်တင်အမေရိကဒေသသို့ ဆန်တင်ပို့လျက် ဈေးကွက်ရယူနိုင်သည့်အပြင် အိန္ဒိယ၏ ဆန်တင်ပို့မှုပိတ်ပင်ချိန်၌ အာဖရိက ဈေးကွက်သို့လည်း တိုးချဲ့တင်ပို့နိုင်ခဲ့သည်။ သို့သော် ၂၀၂၃-၂၄ သီးနှံရာသီတွင် ဆန်စပါးလုပ်ငန်း နယ်ပယ်၌ ထိခိုက်မှုများက ဘရာဇီး၏ ဆန်ပို့ကုန်ဈေးနှုန်းများကို မြင့်တက်မှုဖြစ်ပေါ်စေပြီး ၎င်း၏ ဝယ်လက်နိုင်ငံများသည် ဈေးနှုန်းအရ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသော အမေရိကန်နိုင်ငံသို့ ပြောင်းလဲ ဝယ်ယူဖွယ်ရှိနေသည်။

Source: Miller Magazine, 14 Jun 2024