Main menu

ဗီယက်နမ်သည် တရုတ်ဈေးကွက်သို့ ငှက်ပျောသီး အဓိကပေးသွင်းသည့် ထိပ်တန်းနိုင်ငံဖြစ်လာ

Powered by Drupal

     ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံသို့ ငှက်ပျောသီး တန်ချိန် ၃၅၅၀၀၀ တင်ပို့လျက် ၎င်းဈေးကွက်သို့ ငှက်ပျောသီး အများဆုံးတင်ပို့သည့် ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိလာကြောင်း၊ အဆိုပါပမာဏသည် ဒုတိယအကြီးဆုံးတင်ပို့သူ ဖိလစ်ပိုင်မှ တင်ပို့သည့် ပမာဏ၏ ၂.၄ ဆရှိပြီး တရုတ်နိုင်ငံမှ ငှက်ပျောသီးတင်သွင်းမှု၏ ၄၈.၆% ရှိကြောင်း၊ ဗီယက်နမ် အနေဖြင့် ကမ္ဘာ့ဒုတိယအများဆုံး ငှက်ပျောသီးတင်ပို့သည့် ဖိလစ်ပိုင်နိုင်ငံကို ကျော်တက်အောင် စွမ်းဆောင်နိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

     တရုတ်နိုင်ငံသို့ ဗီယက်နမ်၏ ငှက်ပျောသီးတင်ပို့မှုမှာ ပမာဏအားဖြင့် နှစ်အလိုက် နှိုင်း ယှဉ်တိုးတက်မှု ၂၂% ရှိသော်လည်း  ငှက်ပျောသီးဈေးနှုန်းသည် ၁၆% လျော့နည်းလျက်  တစ်တန် လျှင် ၄၀၇.၇ အမေရိကန်ဒေါ်လာသို့ ကျဆင်းခဲ့သဖြင့် တန်ဖိုးအားဖြင့် ၃% သာ တိုးတက်ပြီး ဒေါ်လာ ၁၄၅ သန်းသာ ဝင်ငွေရရှိခဲ့သည်။

     ထိုကဲ့သို့ ဈေးနှုန်းကျဆင်းရခြင်းမှာ တရုတ်နိုင်ငံသို့ ငှက်ပျောသီး ရောင်းချသူအများအပြား ရှိသည့်အတွက် ပြိုင်ဆိုင်မှုရှိခြင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့အပြင် အခြားနိုင်ငံများမှ ငှက်ပျောသီး ပမာဏ အမြောက်အမြား တင်သွင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ ငှက်ပျောသီးအထွက်ပမာဏနှင့် အရည်အသွေးတို့ကျဆင်းခဲ့ရာ ဗီယက်နမ် အနေ ဖြင့် ဖိလစ်ပိုင်ထက်ပိုမို၍ တင်ပို့ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း Dong Nai ခရိုင်ရှိ ငှက်ပျောသီး တင်ပို့ရောင်းချသည့် ကုမ္ပဏီတစ်ခုမှ အမှုဆောင်အရာရှိ တစ်ဦးက VnExpress သို့ ပြောကြား ခဲ့သည်။

     ဖိလစ်ပိုင်မှ တရုတ်နိုင်ငံသို့ သင်္ဘောတင်ပို့မှုကုန်ကျစရိတ်မှာ ယခုနှစ်တွင် မြင့်တက်လာခဲ့ ပြီး ဖိလစ်ပိုင်မှ ငှက်ပျောသီးသည် ဗီယက်နမ်ထက် ဈေးနှုန်း ၃၃% ပိုမိုကြောင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများရှိ အဓိကရောင်းချသူများမှာ စရိတ် စကများမြင့်တက်လာမှုနှင့် ရင်ဆိုင်နေရကြောင်း၊ ကမ္ဘာ့ထိပ်တန်း သစ်သီးဝလံတင်ပို့သူ အီကွေဒေါ သည် တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့ရန် ကြိုးပမ်းနေသော်လည်း သယ်ယူပို့ဆောင်စရိတ် ကြီးမြင့် မှုနှင့် ရင်ဆိုင်နေရကြောင်းဖြင့် ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းမှ အထွေထွေ အတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားခဲ့သည်။

     ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှု တိုးမြှင့်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးချိန်မှစ၍ ဗီယက်နမ်၏ တင်ပို့မှုမှာ မြင့်တက်လာခဲ့ကြောင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ကာတာနိုင်ငံများသို့လည်း ငှက်ပျောသီးများ ပိုမိုတင်ပို့ လျက်ရှိကြောင်း၊ ယခုနှစ်တွင် ဗီယက်နမ်၏ သစ်သီးဝလံပို့ကုန်စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံခန့် ရှိပြီး ယခင်နှစ်ထက် ၂၈% မြင့်တက်လာကာ ငှက်ပျောသီးသည် ဒူးရင်းသီးနှင့် နဂါးမောက်သီးတို့ နောက်တွင် တတိယမြောက် အများဆုံးပို့ကုန် ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

Source: VN Express International, 13 June, 2024