![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၂၃_6.jpg?itok=X4GRixj_)
မိုးဦးကျအချိန်တွင် မြန်မာလူမျိုးများအကြိုက် ရာသီစာအင်ဥများထွက်ပေါ်လာကြပြီး ကရင်ပြည်နယ်၊ ရေပေါ်ဈေးတွင် အင်ဥများရောင်းချနေကြသည်ကိုတွေ့ရသည်။ အင်ဥကို နို့ဆီဘူး ဖြင့် ချင်တွယ်ရောင်းချပြီး ယခုနှစ်အင်ဥပေါက်ဈေးမှာ တစ်ဘူးလျှင် ၃၀၀၀ကျပ်ဖြစ်ကြောင်းသိရသည်။
အင်ဥသည် မိုးဦးကျရာသီတွင် ထွက်ပေါ်လေ့ရှိပြီး စားလိုက်လျှင် ထုတ်ထုတ်နှင့် အင်မတန်စားကောင်းသော စားစရာတစ်မျိုးဖြစ်သည်။ ကန်စွန်းဥဆိုလျှင် ကန်စွန်းပင်၏ဥဖြစ်ပြီး အင်ဥဆိုသောကြောင့် အင်ပင်မှ ဥဖြစ်မည်ဟု ထင်မြင်ယူဆစရာဖြစ်သော်လည်း ၎င်းအင်ဥသည် ကြွေကျနေသောအင်ရွက်များ မိုးရေများထိတွေ့ရာမှ ပေါက်လာသော အရသာရှိသည့် မြေအောင်းမှို အမျိုးအစားတစ်မျိုးပင်ဖြစ်သည်။
အင်ဥများသည် အပြင်အခွံတွင် မည်းနေတတ်သည်။ အတွင်းပိုင်းတွင် ဖြူဖွေးသောအင်ဥများမှာ လတ်ဆတ်သောအင်ဥများဖြစ်ပြီး အတွင်းပိုင်းမည်းနေသောအင်ဥအား အင်ဥရင့်များဟုခွဲခြားနိုင်သည်။ အင်ဥများကို အရွယ်တော်လှီးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးသီးစိမ်းများဖြင့် မွှေးမွှေးစပ်စပ်လေးကြော်ချက်စားသောက်ပါက မိုးဦးကျထမင်းမြိန်သည့် လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်သည့် ဟင်းလျာတစ်ခွက်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ကရင်)