Main menu

ဆော်ဒီအာရေဗျနိုင်ငံတွင် စတင်ဖွင့်လှစ်သည့် Spinneys Super Market ၌ ဗီယက်နမ် နဂါးမောက်သီးများရောင်းချ

Powered by Drupal

      UAE နိုင်ငံအခြေစိုက်သည့် Spinneys Super Market ၏ ဆော်ဒီအာရေဗျနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် ဆိုင်ခွဲဖွင့်ပွဲတွင် ဗီယက်နမ်နိုင်ငံမှတင်ပို့သည့် နဂါးမောက်သီးများကို ရောင်းချလျက်ရှိကြောင်းသိရပါသည်။

     အဆိုပါ Market သည် ဆော်ဒီအာရေဗျနိုင်ငံတွင် ပထမဆုံးအနေဖြင့် ဗီယက်နမ်နဂါးမောက်သီးရောင်းချခြင်းဖြစ်ကြောင်းသိရပါသည်။ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Dong Xuan Dung က ဆော်ဒီအာရေဗျနိုင်ငံတွင် ဗီယက်နမ်နိုင်ငံမှတင်ပို့သည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၊ ပင်လယ်စာများ၊ စည်သွပ်ဖျော်ရည်များ ရောင်းချမှုကြီးထွားလာကြောင်းပြောကြားခဲ့ပါသည်။

        ထို့ပြင် သံအမတ်ကြီးက Spinneys သည် ဗီယက်နမ်ထုတ်ကုန်များရောင်းချမှုကို တိုးချဲ့ရန်မျှော်လင့်ကြောင်းနှင့် သံရုံးအနေဖြင့်လည်း နှစ်ဦးနှစ်ဖက်ကုန်သွယ်ရေးပိုမိုအားကောင်းလာ စေရန်အတွက် Super Market နှင့် ဗီယက်နမ်တင်ပို့သူများအကြား ထောက်ပံ့မှုကွင်းဆက်ချိတ်ရေးအတွက် အပြည့်အဝပံ့ပိုးပေးသွားမည်ဟု ကတိပြုပြောကြားခဲ့ပါသည်။

         Spinneys ၏ CEO ဖြစ်သူ Sunil Kumar က ဆော်ဒီအာရေဗျနိုင်ငံတွင် ထပ်မံတိုးချဲ့မည့်အစီအစဉ်များကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် Super market (၃)ဆိုင်ကို Riyadh နှင့် Jeddah တို့တွင် ထပ်မံဖွင့်လှစ်ရန်အဆိုပြုထားပြီး လာမည့်(၅)နှစ်မှ (၁၀)နှစ်အတွင်း နှစ်စဉ် အနည်းဆုံး ဆိုင်(၄)ဆိုင်ဖွင့်လှစ်သွားမည်ဟုသိရပါသည်။ Sunil Kmar က Spinneys သည် လက်ရှိတွင် UAE နိုင်ငံတစ်ဝှမ်း၌ ဆိုင်ပေါင်း(၁၅၀)ကျော်ဖွင့်လှစ်ထားပြီး အိုမန်နိုင်ငံ၌လည်းဖွင့်လှစ်ထားကြောင်းနှင့် ဗီယက်နမ်ထုတ်ကုန်များကို Spinneys ဆီသို့  ရောက်ရှိစေမည့် တိုက်ရိုက်လမ်းကြောင်းတစ်ခုဖန်တီးရန်အတွက် ဗီယက်နမ်နိုင်ငံတွင် ကိုယ်စားပြုရုံးထူထောင်ရန် စီစဉ်ထားကြောင်းပြောကြားခဲ့ပါသည်။

         ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် ယခုနှစ်၏ ပထမ(၅)လတာကာလတွင် အမေရိကန်ဒေါ်လာ (၆၁၅.၃)သန်းပမာဏကို ဆော်ဒီအာရေဗျနိုင်ငံသို့တင်ပို့ခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလထက် (၄၈.၅)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရပါသည်။ အများအားဖြင့် ဆန်၊ ပင်လယ်စာ၊ သီဟိုဠ်စေ့၊ ငရုတ်ကောင်း၊ သစ်ပရိဘောဂ၊ ဖျော်ရည်၊ အဝတ်အထည်၊ ခြေအိတ်၊ စက်ပစ္စည်းများ၊ ကားအစိတ်အပိုင်းများ၊ အီလက်ထရောနစ်အစိတ်အပိုင်းများ၊ ကွန်ပျူတာများနှင့် ဖုန်းများတင်ပို့ခဲ့ကြောင်းသိရပါသည်။

      ဆော်ဒီအာရေဗျနိုင်ငံမှ အမေရိကန်ဒေါ်လာ(၅၄၉.၇)သန်းပြန်လည်တင်သွင်းခဲ့ကာ လွန်ခဲ့သည့်နှစ်ထက် (၁၆.၁)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပြီး အဓိကအားဖြင့် ပလတ်စတစ် ပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် ရေနံတို့ကို အဓိကတင်သွင်းခဲ့ကြောင်းသိရပါသည်။ ထို့ကြောင့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ(၀.၁၆)ဘီလီယံရောက်ရှိ ခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် (၉.၂)ရာခိုင်နှုန်းကြီးထွားလာကြောင်းသိရပါသည်။

Source: Vietnamplus

DOCA(ရန်ကုန်)